ထွက်ပြေးသည့် အကျဉ်းသားကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

ထွက်ပြေးသည့် အကျဉ်းသားကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံး
by -
မဇ္ဈိမ

ထွက်ပြေးသည့်အကျဉ်းသားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာမှ ကျောကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့မှု တစ်ခု သြဂုတ် ၁၉ ရက် ညက ပြင်ဦးလွင်မြို့အနီးရှိ ၂၄ မိုင် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှတဆင့်ထုတ်ပြန်ထားသည်။

ယင်းနေ့က ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို တာဝန်ယူကြီးကြပ်နေသည့် အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းများသည် အလုပ်သိမ်းရန် လူစစ်ဆေးနေစဉ် ထွက်ပြေးသည့် အကျဉ်းသားတစ်ဦးကိုပစ်ခတ် ဖမ်းဆီးခဲ့ရာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သေဆုံးသွားသူမှာ သွင်းကုန်ထုတ်ကုန် ဥပဒေကို ချိုးဖောက်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ခြောက်လအပြစ်ပေးခံထားရ သည့် အသက် ၃၃ နှစ်အရွယ် တွန်ပီချောက်ဆိုသူဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းသည် မိုးရွာနေသည်ကို အခွင့်ကောင်းယူ၍ ရုတ်တရက်ထွက်ပြေးသည်ကို အကျဉ်းဦးစီးဌာနဝန်ထမ်းများ က အော်ဟစ်တားမြစ်သော်လည်း မရပ်သဖြင့်သေနတ်ဖြင့် တစ်ချက် ခြောက်လှန့်ပစ်ခဲ့သည်ဟုလည်း ဆိုသည်။ သို့သော်လည်း မရပ်သေးဘဲ ဆက်ထွက်ပြေးသဖြင့် ၎င်း၏ခါးအောက်ပိုင်သို့တစ်ချက် ထပ်မံပစ်ခတ် ရာ နောက်ကျောကို ထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ဆိုထားသည်။

ယင်းဖြစ်စဉ်ကို ပြင်စာနယ်မြေရဲစခန်းမှ ရဲများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကာ အလောင်း ကို ဇီးပင်ကြီးရွာ ဆေးရုံသို့ ပို့ဆောင်၍ လက်ရှိတွင် သေမှုသေခင်းအဖြစ် အမှုဖွင့်ထားကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ အကျဉ်းသားသေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက် ရှိသော ပြင်စာနယ် မြေစခန်းမှူး ရဲအုပ် ထိန်ဝင်းထံ မဇ္စျိမက ဆက်သွယ်မေးမြန်းရာတွင် စခန်းမှူးမရှိကြောင်းနှင့် မည်သည့် အချိန်မှ ပြန်လာမည်ကို သိရှိခြင်းမရှိကြောင်း တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စအပေါ် စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက “သေစေတဲ့နေရာကို ပစ်မိခဲ့ရင်တော့ ဖြေရှင်းပေးရမယ့် တာဝန်ရှိပါတယ်။ ထိမှန်ထားတဲ့ ဒဏ်ရာဟာ ပစ်ခွင့် အမိန့်အာဏာထက် အလွန်အကျွံ သုံး၊ မသုံးဆိုတာ ပြဿနာပေါ်လာနိုင်ပါတယ်။ နစ်နာသူ မိသားစုအနေနဲ့လည်း အဲဒီအချက်နဲ့ တင်ပြ တောင်းဆို ပိုင်ခွင့်ရှိပါတယ် ”ဥပဒေကြောင်းအရ ထောက်ပြပြောဆိုသည်။

ရဲလက်ဆွဲ ဥပဒေနှင့် အကျဉ်းထောင်လက်ဆွဲ ဥပဒေများအရ ထွက်ပြေးသော အကျဉ်းသားများ၊ ပြန်လည် ခုခံသော အကျဉ်းသားများအား ပစ်ခက်ဖမ်းဆီးနိုင်ခွင့်ရှိသော်လည်း လူမသေစေဘဲ ထွက်ပြေးမှု မပြုနိုင်သော ဒူးခေါင်းအောက်ပိုင်းနေရာများသာ ပစ်ခက်ခွင့်ရှိသည်ဟု ဦးတင်သန်းဦးက ဆက်ရှင်းပြသည်။

သို့သော် ပစ်ခတ်ဖမ်းဆီးစဉ် အကျဉ်းသားက သေဆုံးသွားပါက ပြဋ္ဌာန်းပေးထားသော အခွင့်အာဏာထက် ကျော်လွန်သုံးစွဲထားမှုရှိ၊ မရှိနှင့် ပစ်ခတ်ဖမ်းဆီးရန် လိုအပ်သော အခြေအနေတွင်ရှိ၊ မရှိကို သေမှုသေခင်း ရေးဖွင့်ပြီး စစ်ဆေးဖော်ထုတ်ရန်လိုသည်ဟုလည်း ဥပဒေကြောင်းအရ ၎င်းက ထောက်ပြခဲ့သေးသည်။

Most read this week