ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု တစ်ထောင်ကျော်အတွက် ကချင်ပြည်နယ် ကြက်ခြေနီအသင်းက အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို KIO က လက်ခံခြင်းမရှိသေးပေ။
ကြက်ခြေနီအသင်းက သွားရောက်လှူဒါန်းလိုသည့်အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှတစ်ဆင့် KIO သို့ တောင်းခံခဲ့ရာတွင် KIO က လက်မခံကြောင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
လှူဒါန်းမည့်ကိစ္စကို နိုင်ငံတော် သမ္မတရုံးနှင့် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက် ရရှိထားသော်လည်း KIO က လက်မခံခြင်းဖြစ်သည်။
“ကျနော်တို့တို ့အိမ်ထောင်စု ၁၃၀၀ ကျော်အတွက် ကျနော်တို့ သွားလှူဖို့ရှိတာ။ အဲဒါ ဟိုဘက်က လက်မခံ ဘူးလို့ ပြောတယ်။ လက်မခံဘူးဆိုတော့ သွားလို့ မရဘူး၊ ကျနော်တို့က ပစ္စည်းတွေ အားလုံး အဆင်သင့် ရှိနေပြီ။ ဒါပေမဲ့ သူတို့ လက်မခံနိုင်ဘူး ဆိုတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ကချင်ပြည်နယ် ကြက်ခြေနီ အသင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးဂဲနစ်က မဇ္ဈိမကို ပြောသည်။
ယခုကဲ့သို့ လက်မခံနိုင်ခြင်းမှာ KIO ဗဟိုကော်မတီ၏ ပေါ်လစီအရ အစိုးရနှင့် ခိုင်မာသော ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသ၍ အစိုးရထံမှ မည်သည့်အကူအညီမှ လက်မခံရန် သဘောတူထားခြင်း
ကြောင့် ဖြစ်သည်ဟု ဦးဂဲနစ်က ပြောဆိုသည်။
ယခုလာရောက်လှူဒါန်းခြင်းမှာ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဖြစ်နေသဖြင့် လက်မခံခြင်းဖြစ်ကြောင်းနှင့် အကယ်၍ ဒိန်းမတ်နှင့် စင်္ကာပူမှ ကူညီသူများ ပါဝင်လျှင် အခြေအနေတစ်မျိုး ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ပစ္စည်းများမှာ ဒိန်းမတ်နှင့် စင်္ကာပူကြက်ခြေနီအသင်းတို့မှ လှူဒါန်းထားခြင်းဖြစ်ပြီး ၎င်းအသင်းတို့မှ ကိုယ်စားလှယ်များ လာရောက်နိုင်ခြင်းမရှိသဖြင့် ကချင်ပြည်နယ်ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းတို့က သွားရောက်လှူဒါန်းနိုင်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ဒိန်းမတ်နှင့် စင်္ကာပူ ကြက်ခြေနီအသင်းများအနေဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်စသည့် မြို့နယ်များသို့ သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်တွင် လိုင်ဇာ စစ်ပြေးဒုက္ခသည်များကို သွားရောက် လှူဒါန်းနိုင်ရန် စီစဉ်ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏ ဆန်အိတ်များ၊ အနွေးထည် များကို KIO က လက်မခံခဲ့ပေ။
လက်ရှိ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီတို့အကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် တွေ့ဆုံမှု အခြေအနေများအား မေးမြန်းခဲ့သော်လည်း မည်သည့်နေ့ တွေ့ဆုံမည် ကို မသိရေသေးကြောင်း KIO အလုပ်အဖွဲ့မှ ဆရာဒေါင်ခါးက မဇ္စျိမကို ပြောသည်။
“ကျနော်တို့ အခုလောလောဆယ် အစိုးရနဲ့ ပြန်တွေ့ဖို့က ဗဟိုကနေ ပြန် အကြောင်းကြားပြီးတော့ report ရောက်လာမှဘဲ ကျနော်တို့ သိရမယ်။ တွေ့တော့ တွေ့ရမှာပါ။ ဘယ်နေ့ဆိုတာ မသိသေးဘူး။ MPC က အဖွဲ့ဝင်တွေနဲ့ လွန်ခဲ့တဲ့ ၃ ရက်လောက်က စကားပြော ဖြစ်ပါတယ်”ဟု သူက ပြောသည်။
ပြီးခဲ့သည့် ့မေလ ၃၀ ရက်နေ့က အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေးသဘောတူညီခဲ့သော နိုင်ငံရေးဆွေးနွေးမှု ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့သည်။ သို့သော် ယနေ့ထိ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးပါ။