ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ်စပွန်ဆာရှစ်ခု ရရှိထား

ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ်စပွန်ဆာရှစ်ခု ရရှိထား
by -
မဇ္ဈိမ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ် စပွန်ဆာရှစ်ခုအထိ ရရှိထားကြောင်း ဆီးဂိမ်းစပွန်ဆာ ရှာဖွေခွင့်ရရှိထား သည့် Dentsu Sports Asia နှင့် JK Consultant ကုမ္ပဏီတို့၏ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ ဒေါ်နုနုရီမှ ပြောသည်။

ဆီးဂိမ်း စပွန်ဆာများပေးရာတွင် ပလက်တီနမ်၊ ဆေးလ်ဗားနှင့် ဂိုးစပွန်ဆာဟူ၍ စပွန်ဆသုံးမျိုးခွဲခြားထားပြီး ပလက်တီနမ် စပွန်ဆာသည် အမေရိကန်ဒေါ်လာ သုံးသိန်း၊ ဆေးလ်ဗားစပွန်ဆာသည် အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့် ဂိုးစပွန်ဆာသည် အမေရိကန် ဒေါ်လာတစ်သိန်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပလက်တီနမ် စပွန်ဆာရှစ်ခု၊ ဆေးလ်ဗား စပွန်ဆာနှစ်ခုရရှိထားပြီး ပလက်တီနမ် စပွန်ဆာရှစ်ခုမှာ  MAI လေကြောင်း၊ KBZ Bank ၊ Local KBZ Air Line ၊ မြန်မာဘရူဝါရီ ၊Blue mountain ၊ ဒေါ်ဝင်း ကုမ္ပဏီ၊ Panasonic၊ Samsung တို့ ဖြစ်သည်။ ဆေးလ်ဗား စပွန်ဆာနှစ်ခုမှာ ချယ်ရီဦးနာရီနှင့် ကမ္ဘောဇ အာမခံလုပ်ငန်းတို့ဖြစ်သည်။

ဒေါ်နုနုရီက“ဆီးဂိမ်းအတွက် ကွင်းတွေဆောက်တာ၊ အားကစားရုံတွေဆောက်တာ နိုင်ငံတော် ဘတ်ဂျက် အများကြီးကုန်ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားမှာရှိတဲ့ကွင်းတွေ၊ ထိုင်းမှာရှိတဲ့ ကွင်းတွေထက်လည်း အများကြီးပိုကောင်းပါတယ်လို့ ဆီးဂိမ်းကိုလာလေ့လာတဲ့ ပြည်ပအဖွဲ့တွေရဲ့ ချီးကျူးခြင်းကိုလည်း ခံရပါတယ်။ ဒီအတွက်လည်း အများကြီး ဂုဏ်ယူရပါတယ်။ကုန်ကျ စရိတ်တွေများတဲ့အတွက် စပွန်ဆာတွေ ဘယ်လောက်ပဲပေးပေး ရသလောက်ကို ယူမှာပါ။ နောက်ထပ် ပလက်တီနမ်စပွန်ဆာတွေအတွက်
ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအချို့နဲ့ စကားပြောနေဆဲတွေ ရှိသလို ဆေးလ်ဗားစပွန်ဆာအတွက်လည်း မကြာမီမှာပဲ နောက်ထပ် နှစ်ခုလောက်ထပ်ရဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆီးဂိမ်းစပွန်ဆာရှာဖွေခွင့် ရရှိထားသည့်Dentsu Sports Asia နှင့် JK Consultant ကုမ္ပဏီတို့အား ၀န်ကြီး ဌာနမှ ဆီးဂိမ်းစပွန်ဆာအတွက် အမေရိကန်ဒေါ်လာနှစ်သန်း ရှာဖွေပေးရန် သတ်မှတ်ထားပြီး လက်ရှိအချိန် တွင် အမေရိကန်ဒေါ်လာနှစ်သန်းကျော်နေပြီဖြစ်ကြောင်း သိရသည်။

Most read this week