နက်ဖြန် သြဂုတ်လ (၂၁) ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားအား ပြည်တွင်း ပြည်ပ များ၌ အသီးသီး ပြုလုပ် ကျင်းပ သွားကြရန် ရှိကြောင်း သိရှိ ရသည်။
ပြည်တွင်းမှ မွန်ပြည်သူ လူထုများ၊ ရဟန်းသံဃာ များမှ ဦးဆောင်၍ မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန် (ဗျိုင်းနှစ်ကောင်) ကျောင်းတိုက်၌ တစ်နေရာ၊ ပေါင်မြို့၌ တစ်နေရာ၊ ရေးမြို့ မြောက်ပိုင်းတွင် တစ်နေရာနှင့် ရန်ကုန်မြို့ရှိ မွန်ဓမ္မာရုံ အတွင်း၌ တစ်နေရာ ကျင်းပ ကြမည် ဖြစ်သည်။
“ဒီနှစ် ဗဟို အခမ်းအနားကို မုဒုံမြို့နယ် ဝင်းစိန် (ဗျိုင်းနှစ်ကောင်) ကျောင်းတိုက် ဝင်းတွင်းမှာ အခမ်းအနား ကျင်းပ သွားမှာ ဖြစ်တယ်” ဟု ဗဟို အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဇင်းအဇ္ဇ (ဦးဇင်း ဇော်လတ်) က မိန့်ကြားသည်။
ဗဟို မွန်တော်လှန်ရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီကို ဆရာတော် ကေတုမှ အဖွဲ့ ဥက္ကဌ အဖြစ် ဦးဆောင်ကာ အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်း ထားခဲ့သည်။
ယင်းသည် မွန်သံဃာတော်များ၊ တက္ကသိုလ်မှ မွန်ကျောင်းသူ ကျောင်းသားများ၊ မွန်လူငယ်အဖွဲ့၊ မွန်အမျိုးသမီး အဖွဲ့၊ မွန်စာပေ ယဉ်ကျေးမှု အဖွဲ့များ၊ မွန်လူထု အခြေပြုအဖွဲ့များ၊ မွန်နိုင်ငံရေး ပါတီများ ဖြစ်ကြသော မွန်ပြည်သစ် ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီပါတီနှင့် ဒေသလုံး ဆိုင်ရာ မွန်ဒီမိုကရေစီ ပါတီတို့က ပူးပေါင်း ဖွဲ့စည်းထားခဲ့သည်။
ပေါင်မြို့နယ် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မော်လမြိုင်မြို့ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများ၊ မော်လမြိုင် မြို့နယ်၊ ဘီလူကျွန်း မြို့နယ်၊ ကျိုက်မရော မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်ရှိ ပြည်သူ များကပူးပေါင်း ကျင်းပမည် ဖြစ်သည်။
မုဒုံမြို့နယ်ရှိ ဝင်စိန် (ဗျိုင်နှစ်ကောင်) ကျောင်းတိုက် ဝင်းအတွင်း၌ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို သံဖြူဇရပ် မြို့နယ်၊ မုဒုံမြို့နယ်၊ ကြာအင်းမြို့နယ်၊ ဖားအောက် တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများ ပူးပေါင်း ကျင်းပမည် ဖြစ်သည်။
ရေးမြို့နယ် ရင်းဒိန်/ရင်းရဲကျေးရွာ၌ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ရေးမြို့နယ်ရှိ မွန်ပြည်သူ များက ပူးပေါင်း ကျင်းပသွားမည် ဖြစ်သည်။
ရန်ကုန်မြို့ မွန်ဓမ္မာရုံ အတွင်း၌ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့တွင်းရှိ မွန်လူငယ်များက စီစဉ် ကျင်းပသွားမည် ဖြစ်သည်။
မွန်တော်လှန်ရေး နေ့သည် မွန်အမျိုးသားထု တို့၏ အမျိုးသားရေး တိုက်ပွဲ ခေါ်သံမှ ပေါ်ပေါက် လာသည့် နေ့ တစ်နေ့ ဖြစ်ကြောင်း ဤအခမ်း အနားကို မွန်ပြည်သူ များက ဦးဆောင် ကျင်းပ ရမည် ဖြစ်သည်ဟု မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီမှ ပြောခွင့် ရှိသူ ဦးဇင်း အဇ္ဇ (ဦးဇင်းဇော်လတ်) က မိန့်ကြားသည်။
“မွန်တော်လှန်ရေးနေ့ဟာ မွန်ပြည်သူ လူထုထံမှ ပေါက်ဖွား လာတဲ့ နေ့တစ်နေ့ ဖြစ်တယ်။ အဲတာကြောင့် ဦးဇင်းတို့ မွန်ပြည်သူ များကဘဲ ဦးဆောင် ကျင်းပ ရခြင်း ဖြစ်တယ်။ ဒီနှစ် ပြည်တွင်းမှာ ရှိတဲ့ ဦးဇင်း တို့ရဲ့ မွန်တွေက၄ နေရာ ကျင်းပ သွားရန် ရှိတယ်” ဟု ဆိုသည်။
အလားတူပင် ထိုင်းနိုင်ငံတွင်း၌ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ဆူရာဒ်ဌာနီ ခရိုင်၌ တစ်နေ ရာနှင့် ဘန်ကောက်မြို့ အနီးရှိ ဗန်ကဒီ ဒေသ၌ တစ်နေရာ ကျင်းပမည် ဖြစ်သည်။
ထို့အတူပင် မလေးရှား နိုင်ငံရောက် မွန်အဖွဲ့ များတို့ကလည်း မွန်အမျိုးသား တော်လှန် ရေးနေ့ အခမ်းအနားကို ကွာလလမ်ပူ မြို့တော်တွင်း၌ ကျင်းပရန် ရှိကြောင်း မွန်လူငယ်အဖွဲ့ လွတ်မြောက်နယ် သတင်း ထုတ်ပြန်ချက် အရ သိရှိ ရသည်။
အမေရိကန် နိုင်ငံရောက် မွန်အမျိုးသား များကလည်း မွန်တော်လှန်ရေးနေ့ အခမ်း အနားကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် အခြား နေရာ များထက် စော၍ ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့ ကပင် မွန်ဒေသ ပြန်လည် ထူထောင်ရေး ကောင်စီက ဦးဆောင်၍ ကျင်းပ ပြီးစီး သွားခဲ့ပြီ ဖြစ်သည်။
လက်ရှိ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် မွန်ပြည်သစ် ပါတီကမူ ဗဟို အခမ်း အနားကို ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲ ဂျပန်ရေတွင်း ကျေးရွာ၌ ကျင်းပမည် ဖြစ်ပြီး မော်လမြိုင် ခရိုင် သထုံခရိုင်၊ထားဝယ် ခရိုင် ဒေသ အသီးသီး တို့၌လည်း ကျင်းပ သွားရန် ရှိသည်။
မွန်လူမျိုးတို့၏ အခွင့်အရေးကို တရားဥပဒေဘောင် အတွင်း၌ တိုက်ပွဲဝင် မရသည့်အဆုံး (၁၉၄၈)ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင် လပြည် ့နေ့၌ မျိုးချစ် မွန်လူငယ် တစုက ကရင်ပြည်နယ် ဖားအံ မြို့နယ် ဇာသပြင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့သည့် နေ့ကို အစွဲပြုပြီး မွန်တော်လှန်ရေး နေ့ဟု သတ်မှတ် ခဲ့ကြကာ နှစ်စဉ် အခမ်းအနား ကျင်းပ လာခဲ့ကြ သည်မှာ (၆၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။