ချင်းပြည်နယ်တွင် တက္ကသိုလ်ထားရှိရေး CSU သဘောထားထုတ်ပြန်

ချင်းပြည်နယ်တွင် တက္ကသိုလ်ထားရှိရေး CSU သဘောထားထုတ်ပြန်
by -
ခိုနူမ်းထုန်

ကလေးတက္ကသိုလ် အခြေစိုက် ချင်းကျောင်းသားများ သမဂ္ဂ က ချင်းပြည်နယ်တွင် တက္ကသိုလ် ကောလိပ် ထားရှိ သင့်ကြောင်း ယခုလ ၁၈ ရက်နေ့က သဘောထား ထုတ်ပြန် လိုက်သည်။

ကလေးတက္ကသိုလ် အသီးသီးရှိ ချင်းကျောင်းသားကျောင်းသူ ၄၀၀၀ ခန့် ကိုယ်စားပြု ချင်းကျောင်းသားများ သမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ၂၂ ဦးက ကလေးမြို့၊ စတောမ် ရပ်ကွက်၊ Youth Center တွင် ဆွေးနွေး လက်မှတ်ထိုးပြီး ကျေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ချင်းပြည်နယ်တွင် အစိုးရ အဆက်ဆက်က ယခုအချိန်ထိ တက္ကသိုလ်၊ ကောလိပ်မထားရှိသဖြင့် ချင်းကျောင်း သားများလည်း ချင်းပြည်တွင်းတွင်သာ တက္ကသိုလ် ပညာ သင်ယူလိုကြောင်း ဆန္ဒဖော်ထုတ်လိုက်သည် ဟု ဖော်ပြထားသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ဒီဂရီကောလိပ်ဖွင့်လှစ်ရေးကော်မီတီကို ပြီးခဲ့သည့်  ဇူလိုင် ၂၉ ရက်နေ့က ဟားခါးမြို့တွင် ဖွဲ့စည်းလိုက်ကြသည်။

ယင်း ကိစ္စနှင့် ပါတ်သက်ပြီး  ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ တက္ကသိုလ် ကထိကဟောင်း ဒေါက်တာ ဘမောင်က - ချင်းပြည်နယ်အတွင်း ကောလိပ်၊ တက္ကသိုလ်ကျောင်း ဖွင့်လှစ်ရေးသည် ပြည်နယ် အင်္ဂါရပ် နှင့်ညီညွတ်ပါသော်လည်း  တက္ကသိုလ်ထားရှိ မည့် ဒေသ၊ မြို့ရွေးချယ်မှုမှာ အခက်အခဲရှိနေကြောင်း  ဆိုပါသည်။ ထို့ကြောင့်  ချင်းပြည်နယ်တွင်  တက္ကသိုလ်ထား ရှိရေးမှာ အကျိုးအမြတ်နည်းပါးနေသဖြင့် မူအရ သာ လက်ခံထားသည်ဟု ဆိုသည်။

Saya Salai Khamh Ling ( ကထိက၊ သမိုင်းဌာန၊ ကလေးတက္ကသိုလ်)ကလည်း  - ချင်းပြည်နယ်မှာ တက္ကသိုလ်၊ ကောလိပ် လိုအပ်တယ်၊ ဒါက ပြည်နယ်တခုရဲ့ အင်္ဂါရပ် တခုပဲ၊ အခု ဟားခါးမှာ GTI ဖွင့်လှစ်ထားတယ်၊ သူ့ဟာနဲ့သူ သွားနေတာပဲ၊ အခု ကလေးတက္ကသိုလ် မှာ ချင်းကျောင်းသားတွေ ၃၀၀၀ ခန့်ရှိတယ်၊ သူတို့က  ချင်းတောင်ကလာတဲ့ ကလေးတွေပါ၊ ဒီလိုပဲ ချင်းတောင်က ကျောင်းသားတွေဟာ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ မကွေး တက္ကသိုလ်တွေမှာ တက်နေကြတယ်။ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သွားတဲ့ အရင်းခံက ပညာတတ်နည်းလို့၊ ပညာတတ်များဖို့က ကိုယ့်ဒေသမှာတက္ကသိုလ် ကျောင်းထားသင့်တာပေါ့၊ ပြည်နယ် မြို့တော်မှာ ထားကို ထားသင့်တယ် ဟု ပြောသည်။

 ဆရာ Khaivatha ( လက်ထောက်ကထိက၊ သမိုင်းဌာန၊ မကွေးတက္ကသိုလ်)က - ချင်းပြည်နယ်မှာ တက္ကသိုလ် ရှိသင့်တာပေါ့၊ ချင်းပြည်နယ်မှာ တက္ကသိုလ်ထားဖို့ ကျောင်းသားဦးရေလည်း နည်းမယ်၊ မြို့ကြီးတွေမှာလို အသိပညာ၊ ဗဟုသုတတွေလည်း အားနည်းမယ် စသဖြင့် ပေါ့ ပြောနေကြတယ်၊ ကျောင်းသားဦးရေ နည်းတယ်၊ များတယ်ဆိုတာက အခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံတက္ကသိုလ်မှာ ကျောင်းသားရာဂဏန်း ပဲရှိတယ်၊ ကျတော်တို့ ချင်းကျောင်းသားတွေက ထောင်ကျော်ရှိတယ်၊ အသိပညာ၊ ဗဟုသုတဆို တာကလည်း ဘယ်နေရာပဲ တက်တက် ကျောင်း ဆရာ၊ ကျောင်းသားတွေကြိုးစားမှု ၊ အစိုးရရဲ့ ပ့ံပိုးမှု၊ တက္ကသိုလ်အင်္ဂါရပ် ပြည့် မှီမှုအပေါ် မူတည်တာပါ၊ ကိုယ့် ဒေသ ကိုယ့် မိဘတွေရှိတဲ့ နေရာမှာ တက်ရင် စိတ်ချမ်းသာမယ်၊ ငွေကုန်ကျလည်း သက်သာမယ်၊ ဒါပေမဲ့ တခုတော့ရှိတယ်၊ ရုံးသုံးဘာသာကဗမာစာဖြစ် နေတော့ကိုယ့်ဒေ သမှာ တက္ကသိုလ်ဖွင့်ယင် ဗမာစကားတော့ အားနည်းမယ် ဟုမှတ်ချက် ပေးသွားသည်။

Most read this week