သာသနာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရခိုင်မှ ရဟန်းတော် ၅ ပါး ရန်ကုန်သို့ ထွက်ခွာ

သာသနာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရခိုင်မှ ရဟန်းတော် ၅ ပါး ရန်ကုန်သို့ ထွက်ခွာ
by -
နိရဥ္စရာ

သာသနာရေး ၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရခိုင်မှ ရဟန်းတော် ၅ ပါးသည် ယမန်နေ့က  စစ်တွေမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

စစ်တွေမှ ရဟန်းတော်များ ဆရာတော် ဦးဥတ္တမအား ဂါရဝပြုနေကြပုံ။

ထွက်ခွာသွားကြသော ရဟန်းတော်များမှာ ရခိုင်ပြည်နယ် သံဃာဝန်ဆောင် ဥက္ကဌ ဓမ္မသုခကျောင်း ဆရာတော်နှင့် ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဦးဉာဏ(မဏီရတနာကျောင်းတိုက်)၊ ဓမ္မဓဇ (လရောင်ဝင်းကျောင်းတိုက်)၊ ဦးကေသရ(ပုသိမ်ကျောင်းတိုက်)၊ ဦးအိန္ဒ  (ရွှေစေတီကျောင်းတိုက်) တို့ ဖြစ်ကြသည်။

သာသနာရေး ၀န်ကြီးဌာနမှ ဖိတ်ကြားခြင်းမှာ သာသနာရေးဆိုင်ရာ ၊ ဗုဒ္ဓယဉ်ကျေးမှု ဆွေးနွေးပွဲ အတွက် ဖြစ်ကြောင်း၊ အခြား တိုင်းနဲ့ပြည်နယ်မှ ရဟန်းတော်များ မပါ၀င်ဘဲ ရခိုင်မှ ရဟန်းတော်များ သက်သက်ကိုသာ ဖိတ််ကြားခြင်း ဖြစ်ကြောင်း ရန်ကုန်သို့ ထွက်ခွာရန် အတွက် စစ်တွေ လေဆိပ် သို့ ရောက်ရှိနေသူ ဦးဆောင် ဆရာတော် ဦးဉာဏမှ မိန့်ကြားသည်။

“ အခု ဖိတ်တာက ဦးဇင်းတို့ စစ်တွေက ရဟန်းပျိုများ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က လေးပါးနဲ့ ဓမ္မသုခ ဆရာတော် အပါအဝင်ဆိုရင် စုစုပေါင်း ၅ ပါး ဖြစ်ပါတယ်။ အဓိကတော့ ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲအတွက် ဖိတ်ကြားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဆွေးနွေးပွဲမှာ ထိုထက် လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

ဆွေးနွေးပွဲအား ကမ္ဘာအေးတွင် သြဂတ်စ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

Most read this week