သာသနာရေး ၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရခိုင်မှ ရဟန်းတော် ၅ ပါးသည် ယမန်နေ့က စစ်တွေမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
ထွက်ခွာသွားကြသော ရဟန်းတော်များမှာ ရခိုင်ပြည်နယ် သံဃာဝန်ဆောင် ဥက္ကဌ ဓမ္မသုခကျောင်း ဆရာတော်နှင့် ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဦးဉာဏ(မဏီရတနာကျောင်းတိုက်)၊ ဓမ္မဓဇ (လရောင်ဝင်းကျောင်းတိုက်)၊ ဦးကေသရ(ပုသိမ်ကျောင်းတိုက်)၊ ဦးအိန္ဒ (ရွှေစေတီကျောင်းတိုက်) တို့ ဖြစ်ကြသည်။
သာသနာရေး ၀န်ကြီးဌာနမှ ဖိတ်ကြားခြင်းမှာ သာသနာရေးဆိုင်ရာ ၊ ဗုဒ္ဓယဉ်ကျေးမှု ဆွေးနွေးပွဲ အတွက် ဖြစ်ကြောင်း၊ အခြား တိုင်းနဲ့ပြည်နယ်မှ ရဟန်းတော်များ မပါ၀င်ဘဲ ရခိုင်မှ ရဟန်းတော်များ သက်သက်ကိုသာ ဖိတ််ကြားခြင်း ဖြစ်ကြောင်း ရန်ကုန်သို့ ထွက်ခွာရန် အတွက် စစ်တွေ လေဆိပ် သို့ ရောက်ရှိနေသူ ဦးဆောင် ဆရာတော် ဦးဉာဏမှ မိန့်ကြားသည်။
“ အခု ဖိတ်တာက ဦးဇင်းတို့ စစ်တွေက ရဟန်းပျိုများ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က လေးပါးနဲ့ ဓမ္မသုခ ဆရာတော် အပါအဝင်ဆိုရင် စုစုပေါင်း ၅ ပါး ဖြစ်ပါတယ်။ အဓိကတော့ ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲအတွက် ဖိတ်ကြားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ဆွေးနွေးပွဲမှာ ထိုထက် လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။
ဆွေးနွေးပွဲအား ကမ္ဘာအေးတွင် သြဂတ်စ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် စတင်မည် ဖြစ်ကြောင်း သိရသည်။