ယမန်နေ့ နံနက် ၃ နာရီ မိနစ်၄၀ တွင် ဖာပွန်ခရိုင် KNU တပ်မဟာ (၅) ၏ တပ်ရင်း (၁၀၂) အဖွဲ့သည် ခစတ ၁၀၁၄ တပ်ရင်း ကန်ညီနောင် အောက်ဘက်ရှိ ၀ဲကြီး စခန်းကို အလစ် ၀င်ရောက် တိုက်ခိုက် ခဲ့ရာ အသေအပျောက် ရှိခဲ့ကြောင်း BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်ကပြောပါသည်။
“ပစ်ခတ်မှုက (၁၀) မိနစ် ကြာတယ် ကျနော် တို့ကို လာတိုက်တော့ ပြန်ခုခံ၊ ရတာပေါ့ ကျနော်တို့ ဘက်က တပ်သား ၁ ယောက်တော့ ကျသွားတယ်။ ဒဏ်ရာ ရတဲ့ ဒု တပ်ကြပ် ၁ယောက်နဲ့ တပ်သား ၁ ယောက် ကို မော်လမြိုင် ဆေးရုံ ကြီးမှာ ပို့ထား ရပါတယ်။ သူတို့ ဘက်က အကျအဆုံး မတွေ့ ရဘူး” ဟု ၄င်းမှ ဆိုပါသည်။
ယခု ကဲ့သို့ ငြိမ်းချမ်းရေး ရယူ ထားသည့် ကာလ ဖြစ်သည့် အတွက် တစ်ဦးနှင့် တစ်ဦး ယုံယုံ ကြည်ကြည်နှင့် အေးအေး ချမ်းချမ်း နေထိုင်သည့် အချိန်မျိုးတွင် အလစ်ငိုက် ၀င်တိုက်သည့် တိုက်ခိုက် မှုမျိုး မဖြစ်သင့်ကြောင်း BGF ဘက်မှ ပြောပါသည်။
ခစတ ၁၀၁၄ သည် နယ်ခြားစောင့်တပ် အမှတ် (၁) တပ်နယ် ကွက်ကဲမှု လက်အောက်ခံ ဗိုလ်အေဘီလွင်က ဦးစီးပြီး ၀ဲကြီး စခန်းတွင် အင်အား ၁၅ ဦးဖြင့် အခြေပြု နေထိုင်နေပြီး ၄င်းတို့အား ဖာပွန်ခရိုင် KNU တပ်မဟာ (၅) ရင်း (၁၀၂) မှ တပ်စုမှူး အဆင့်ရှိ သည့် ဖန်းနု ဦးစီး အင်အား ၂၀ ခန့် က လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။
ယင်းဖြစ်စဉ်အား ၀မ်းနည်း ခဲ့ ကြောင်းနှင့် ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ကြောင်း KNU စစ်ဦးစီး ချုပ်နှင့် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီ တာဝန်ရှိသူအား အကြောင်းကြား ထားခဲ့ သည်ဟု နိုင်မောင်ဇော်က ဆက်ပြောသည်။
“ဒီဖြစ်စဉ်က ငြိမ်းချမ်းရေးကို မထိခိုက် နိုင်ပေမယ့် မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီကိစ္စ တွေနဲ့ ပတ်သတ်ပြီး အထက်က အကြီးအကဲတွေ ညှိနှိုင်း ပြောဆို တာတို့ ပြုလုပ် နေပါပြီ။ KNU စစ်ဦးစီးချုပ် ကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျူးလွန်တဲ့ သူကို စုံစမ်းပေးပြီး ထိထိ ရောက်ရောက် အရေးယူ ပေးမယ်လို့ ဒီနေ့ မှာပဲ ဂတိပေး လိုက်တယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ ပုံမှန် အစည်းအဝေး သို့တိုင် စောင့်နေမည် ဆိုပါက နှစ်ဖက် တပ်ဖွဲ့ များအတွက် မလိုလား အပ်သော ပြသနာများ ပေါ်ပေါက် လာနိုင်မည် ဖြစ်ကာ ယခု ရက်ပိုင်း များအတွင်း ကရင် လက်နက်ကိုင် တပ်များ၏ အရေးပေါ် အစည်းအဝေးကို ခေါ်ယူ ကျင်းပ သွားရန် ရှိနေပြီး ၄င်း ကိစ္စအား ဆွေးနွေးရန် ရှိနေပါသည်။
ကရင် လက်နက်ကိုင် တပ်များ၏ ပုံမှန် အစည်းအဝေးကို (၃) လတစ်ကြိမ် ပုံမှန် ပြုလုပ်လေ့ ရှိကာ လာမည့် အစည်းအဝေးမှ စက်တင်ဘာလ (၃) ရက်နေ့၌ ကျင်းပရမည် ဖြစ်သည်။
ယခု မိမိတို့ အပေါ် လာရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အကြောင်းရင်းကို မိမိတို့ မသိရှိ ရသေး သော်လည်း အောက်ခြေ ပြသနာ အဖြစ် BGF ဘက်မှ ခံယူ ထားပါသည်။
KNU အောက်ခြေ အဖွဲ့က အထက်အမိန့် ကို မနာခံ သလို ငြိမ်းချမ်း ရေးကို အလေးမထားပဲ မိမိ စိတ်ခံစား ချက်နှင့် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
မည်သို့ပင် ဆိုစေကာမူ ပြသနာ ကြီးကြီးမာမား မဖြစ်ရန် တာဝန်ရှိသူ များက အချိန်မှီ တွေ့ဆုံရန် လိုအပ်ကြောင်း ဆိုပါသည်။
ယခု ဖြစ်စဉ်သည် KNU နှင့် BGF တို့အကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ကြသည့် ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်သည်။
ထိုကဲ့သို့ ကရင် လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ် လာသော ပဋိပက္ခ များကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားကြရန် အဓိက ရည်ရွယ် ၍လည်း ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီကို ဖွဲ့စည်း ထားခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့အား ပြီးခဲ့သည့် မေ (၂၈) ရက်နေ့ တွင် KNLA ၏ ကော့ကရိတ် မြို့နယ်တွင်းရှိ ထို့ကော်ကိုး စခန်းတွင် ကရင် လက်နက်ကိုင် အဖွဲ့အစည်း (၆) ဖွဲ့ ဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ထို ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ ဗိုလ်မှူး ချစ်သူ (BGF)၊ ဗိုလ်မှူး စောကြာအဲ (BGF)၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA-Peace council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေဝင်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ် ကြကာ ကော်မီတီ အဖွဲ့ ခေါင်းဆောင်မှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ ဖြစ်သည်။