သဘော တူညီချက်များ အကောင်အထည်ဖော်ရန် KNPP နှင့် MPC တို့ အလွတ်သဘောတွေ့

သဘော တူညီချက်များ အကောင်အထည်ဖော်ရန် KNPP နှင့် MPC တို့ အလွတ်သဘောတွေ့
by -
ရွှေဟင်္သာ

 နှစ်ဖက် တွေ့ဆုံပွဲ များမှ ရရှိ ထားသော သဘော တူညီချက် များကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန MPC အဖွဲ့ ကိုယ်စားလှယ် များနှင့် အလွတ် သဘော သွားရောက် တွေ့ဆုံ ခဲ့ကြောင်း KNPP တွဲဖက် အတွင်းရေးမှူး(၂) ဦးရွှေမျိုးသန့် က ပြောသည်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေး ခရီးစဉ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေး ခရီးစဉ် ဓါတ်ပုံ (KNPP)

“နှစ်ဖက် သဘော တူညီချက် တွေကို အကောင်အထည် ဖော်နိုင်ဖို့ ကြားခံပေါ့ ကျနော်တို့ KNPP က ယာယီ ဖွဲ့စည်း ထားတဲ့လုပ်ငန်း အထောက်ကူပြု Technical Team အဖွဲ့ အမည် စာရင်း သွားပို့ တာပါ။ ဒီအဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း လာပြော တာပါ” ဟု KNPP ယာယီ လုပ်ငန်း အထောက် အကူပြု အဖွဲ့၏ အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သူ ဦးရွှေမျိုးသန့် က ဆိုပါသည်။

ထို အလွတ်သဘော တွေ့ဆုံ ပွဲကို ယနေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲ အထိ MPC ရုံးအတွင်း၌ကျင်းပ ခဲ့သည်။ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP မှ တွဲဖက် အတွင်း ရေးမှူး ဦးရွှေမျိုးသန့် ခေါင်းဆောင် ၂ ဦး လာရောက် ခဲ့ကြပြီး MPC မှ ဦးလှမောင်ရွှေ ခေါင်းဆောင် ၆ ဦး လက်ခံတွေ့ဆုံ ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဖော်ဆောင် နေသော လုပ်ငန်းစဉ် များကို KNPP အား ရှင်းလင်း ဖြစ်ခဲ့ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

MPC အဖွဲ့ ရှင်းလင်းချက် များအတွင်း၌ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ရန် ပါရှိကြောင်း KNPP မှ ဦးရွှေမျိုးသန့် က ဆိုသည်။

KNPP သည် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်သည်။ KNPP ၏ သဘောထားသည် UNFC နှင့်တစ်ထပ်ထဲ ပင်ဖြစ်ကြောင်း KNPP အဖွဲ့၏ ဒု-ဥက္ကဌ ခူဦးရယ် က ပြောသည်။

“သွားတွေ့ ဖြစ်တာက MPC ဘက်က ခဏခဏ ဖိတ်တာလဲပါတယ်။ ကျနော်တို့ တစ်ဖွဲ့ချင်းရဲ့ ရရှိထားတဲ့ သဘော တူညီချက် တွေကိုလဲ တိကျအောင် ဆောင်ရွက် နေတာပါ။ ရှေ့ဆက် ဘယ်လို့ ဆောင်ရွက် ကြမှာလဲ ဆိုတဲ့ အနေ အထားနဲ့ သွားရောက် ဆွေးနွေး တိုင်ပင် တာပါ” ဆိုသည်။

KNPP သည် အစိုးရ အဖွဲ့နှင့် ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံ ပွဲကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကယားပြည်နယ် လွယ်ကော် မြို့တွင် ကျင်းပ ခဲ့သော်လည်း တပ်နေရာ ချထားရေးကို ယနေ့ အထိ သတ်မှတ် နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ဆိုပါသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့သည် တရားဝင် ပြည်ထောင်စုအဆင့် (၂) ကြိမ်၊ တရားဝင် ပြည်နယ် အဆင့် (၁) ကြိမ်နှင့် အလွတ်သဘော (၄) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ဖြစ်သည်။

KNPP သည် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် မတ်လ (၇) ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲ ရေးကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။