အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရေးအဖွဲ့များ စုပေါင်း၍ အချက်ခုနစ်ချက်ပါ ကြေညာချက်ထုတ်

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပရေးအဖွဲ့များ စုပေါင်း၍ အချက်ခုနစ်ချက်ပါ ကြေညာချက်ထုတ်
by -
မဇ္ဈိမ

တောင်ကြီးမြို့တွင် သြဂုတ် ၁၁ နှင့် ၁၂ ရက်များတွင် ရှမ်းစာပေယဉ်ကျေးမှုအသင်းခန်းမတွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အပြီးတွင်  အချက်ခုနစ်ချက်ပါသော ထုတ်ပြန်ကြေညာ ချက်တစ် စောင်ထုတ်ပြန်ခဲ့ရာ လူငယ်များ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်သည့်အချက်များ ပါ၀င်သည်။

ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုဝင့်ထယ်ကောင်းမြတ်က “နှစ်ရက်တာ ဆွေးနွေးပွဲရလဒ်ကို အခြေခံပြီးတော့ ထုတ်ပြန်ခြင်းဖြစ်တယ်၊ ထုတ်ပြန်ချက်ကိုလည်း မီဒီယာတွေ၊နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့ရုံးတွေကို မိတ္တူပေးပို့သွားမှာပါ” ဟု ပြောသည်။

အဆိုပါ သဘောထားကြေညာချက်အား သြဂုတ် ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက် ခုနစ်ချက်တွင် မြန်မာနိုင်ငံ၏ပညာရေးစနစ် အားနည်းမှုကြောင့် လူငယ် များ ၏ စွမ်းရည်နိမ့်ပါးမှုအပေါ်ကော်မတီဝင်များအနေဖြင့် ဒေသ အနှံ့ဆင်း၍ စွမ်းရည် မြှင့်တင်သွားမည်ဟူသော အချက်ပါ၀င်သည်။ အခြားပါ၀င်သည့် အချက်များမှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အစိုးရ အနေဖြင့် ဒေသတစ်ခုချင်းစီ ခိုင်မာသည့်စျေးကွက်ဖန်းတီးပေးရန်၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပ ပျောက်စေရန် ကော်မတီဝင်များအနေဖြင့် မူးယစ် အန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဆောင်ရွက်ရန်၊ ကော်မတီဝင် လူငယ်များအနေဖြင့်လည်း တိုင်းရင်းသားများအချင်းချင်း ခင်မင်ရင်းနှီးစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိ စေရန်အတွက် အသိပညာပေးလုပ်ငန်းများ၊ လူငယ်ချင်းချိတ်ဆက်မှုများ ကျယ်ကျယ်
ပြန့်ပြန့် လုပ်ဆောင် သွားမည်ဟူသော အချက်များလည်း ပါ၀င်သည်။

ယင်းအပြင် လူငယ်များ အတွေးအခေါ် မြင့်မားရန်၊ ဆုံးဖြတ်ချက်များ ပြတ်သားစွာချနိုင်ပြီး အကြောက်တရား ကင်းရန်၊ နိုင်ငံရေး၊ လူမှုရေးတွင် စိတ်ဝင်စားမှု အားကောင်းစေရန်၊ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရင်း ၀ိုင်းဝန်း ရှာဖွေ အဖြေထုတ်ကာ အပြုသဘောဆောင် ပြောင်းလဲမှုများကို ဖန်တီးရန်နှင့် အသင်းအဖွဲ့များအား ကန့်သတ်ရန် တစ်ဖက်သတ်ရေးဆွဲထားသော ဥပဒေမူကြမ်းအား ဥပဒေကြမ်း တစ်ခု အသစ်ပြန်လည်ရေးဆွဲပေးရန် စသည့်အချက် များ ပါ၀င်သည်။

အဆိုပါအချက်များကို နိုင်ငံတော်သမ္မတ၊ ရှမ်းပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှု အသင်းအဖွဲ့ များ ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပသည့် လူငယ်အဖွဲ့က ဆိုသည်။

ကိုဝင့်ထယ်ကောင်းမြတ်က “တောင်ကြီးမှာ လူငယ်အသိုင်းဝန်းတစ်ခု ရှိနေတယ်ဆိုတာ အားလုံးကို သိစေချင်တာပါ၊ နိုင်ငံရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်တွေမှာ မပါ၀င်သေးတဲ့ လူငယ်တွေကိုလည်း သိစေချင်လို့ပါ၊ သည်ထုတ်ပြန်ချက် ထဲမှာ ကျွန်တော်တို့ လုပ်ဆောင်သွားမယ့် အပိုင်းတွေ ပါပါတယ်၊ ကျန်းမာ ရေး၊ လူမှုရေး၊ ပညာရေး နိုင်ငံရေး အစရှိတာ တွေ အားလုံးပါပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို တောင်ကြီးမြို့ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် လူငယ်များက ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။