မေးခွန်း ထုတ်ချင် မိသော မွန်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်၊ အာဏာများ

မေးခွန်း ထုတ်ချင် မိသော မွန်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်၊ အာဏာများ
by -
ရွှေဟင်္သာ

“ကုလားဂုတ် ရေနက် ဆိပ်ကမ်း” စီမံကိန်း အကောင်အထည် ဖော်ရန် ထိုင်းနိုင်ငံ ကုမ္ပဏီ တစ်ခုနှင့် နားလည်မှု စာချွှန်လွှာ ရေးထိုး ခဲ့ပြီး ဖြစ်သော်လည်း စီမံကိန်း အစီအစဉ် များကို မွန်ပြည်နယ် အစိုးရ အဖွဲ့မှ လုပ်ပိုင်ခွင့် မရှိပဲ ပြည်ထောင်စု အစိုးရသာ လုပ်ပိုင်ခွင့် ရှိကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီးက ဆိုပါသည်။

“ဒါက နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု လေနော်၊ အရမ်းကာရော လုပ်လို့ မရဘူး၊ အောက်ခြေက လုပ်လို့ မရဘူး၊ ဥပဒေ အတိုင်း သွားရ မှာပေါ့၊ ပြည်ထောင်စု အစိုးရ ကပဲ လုပ်ပိုင်ခွင့် ရှိတယ် လေနော်” ဟု ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးမှ ပြောသည်။

အဆိုပါ “ ကုလားဂုတ်” ရေနက် ဆိပ်ကမ်း စီမံကိန်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူး ကျေးရွာ အုပ်စု၊ လေယာဉ်ကွင်း ကျေးရွာ အနီး၊ သံဖြူဇရပ်မြို့ အနောက် တောင်ဘက် ၁၅ မိုင် အကွာတွင် တည်ရှိသည်။

ထိုစီမံကိန်းသည် သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းကို အဓိက ထားကာ ထိုင်း၊ တရုတ်၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံ များသို့ ချိတ်ဆက်မည် ဖြစ်သည်။

ကမ္ဘာ့ ရေကြောင်းနှင့် မိုင် ၄၀ ကွာဝေးပြီး ဆိပ်ကမ်း တည်ဆောက် ပြီးပါက ကုန်တင် သဘော  DWT ၅၀,၀၀၀  ရှိ ရေယာဉ်များ ဆိုက်ကပ် နိုင်လိမ့်မည် ဖြစ်သည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့က မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ရုံး၌ သံဖြူဇရပ် မြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းအောင် (ပို့ဆောင်ရေး၊ ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေး ကော်မီတီဝင်) နှင့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် မန်နေးဂျင်း ဒါရိုက်တာ ဦးချို သန်းမောင်တို့ တက်ရောက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီ Emerald Grand Hotal Co.Ltd မှ Vice President, Mr. Damrong တို့နှင့် အခြား သက်သေများ ပါဝင် တက်ရောက်ကာ လက်မှတ် ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။

 “ခင်ဗျားတို့ သတင်း ကြားရ သလိုပဲ ကျွှန်တော် တို့လည်း သတင်းပဲ ကြားရ သေးတယ်၊ အသေးစိတ် အစီအစဉ် ဘာလုပ်မယ်၊ ဘယ်လုပ် ငန်းတွေ ပါမလဲ ဆိုတာ အခုထိ ကျနော်တို့ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ ဝန်ကြီးတွေ မသိရ သေးဘူး” ဟု အမည်မဖော် လိုသည့် အခြား အစိုးရ အဖွဲ့ဝင် မွန်ပြည်နယ် ဝန်ကြီး တစ်ဦးမှ ဆိုပါသည်။

စာချွန်လွှာ အရ ပထမအဆင့် စမ်းသပ် ကာလ တစ်နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည့် လေအား လျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။

ကုလားဂုတ် ရေနက် ဆိပ်ကမ်းကို ယခင်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သပြေချောင်းရွာ ကမ်းခြေ အနီးတွင် တည်ဆောက်ရန် အတွက် အစောပိုင်း၌ လျာထား ခဲ့သည်။

သို့သော်လည်း ကမ်းခြေ၏ အနောက်ဘက် ခုနစ်မိုင် အကွာတွင် အလျား ကိုးမိုင်ကျော် ရှည်လျားသည့် ကုလားဂုတ်ကျွန်း ခံနေသည့် အတွက် ယခု နေရာကို ပြောင်းလဲ ရွေးချယ် ရခြင်းလည်း ဖြစ်သည်။

၄င်းစီမံ ကိန်းအား ပြည်ထောင်စု နှင့် ပြည်နယ် အစိုးရတို့ ညှိနှိုင်း ပြီးမှသာ သဘောတူ စာချုပ် လက်မှတ် ထိုးခဲ့သည့် သဘော ဖြစ်ကြောင်း မိမိတို့ သုံးသပ် ရသော်လည်း ၄င်းအစီအစဉ်ကို မိမိ တို့မှလည်း ရှင်းရှင်း လင်းလင်း မသိကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးမှ ပြောသည်။

“အဲဒီ ကိစ္စက ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု အစိုးရ ညှိနှိုင်းပြီးမှ လက်မှတ် ထိုးလိုက်တဲ့ သဘောပါပဲ၊ ပြည်နယ် မှာတော့ ဘာမှ မဆွေးနွေး ဖြစ်ဘူးလေ၊ ကျွှန်တော် တို့လည်း အဲဒီ ကိစ္စကို သိပ်မရှင်းဘူး ဖြစ်နေတယ်” ဟု ဆိုပါသည်။

ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စု ဝန်ကြီး ဒု-ဝန်ကြီး များ၊ ပြည်နယ် ဝန်ကြီးချုပ် များအား နေပြည်တော်၌ ခေါ်ယူ တွေ့ဆုံ ခဲ့ကာ ပြည်နယ် အစိုးရ များအား လုပ်ပိုင်ခွင့် အာဏာများ ပိုမို ပေးအပ်ရန် ညွှန်ကြား ခဲ့ကြောင်း သတင်း များက ဖော်ပြ ရေးသား နေကြသည်။