ယခု လဆန်း၌ ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ကျင်းပ ပြီးစီး ခဲ့သည့် တိုင်းရင်းသား ညီလာခံမှ ထပ်မံ အတည်ပြု ဆုံးဖြတ် ထားသည့် ဖက်ဒရယ် တပ်မတော် တစ်ရပ် ဖွဲ့စည်း နိုင်ရေး ဆုံးဖြတ်ချက်မှာ လတ်တလော၌ ဖွဲ့စည်းပုံ အရသာ ရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ပြောခွင့် ရပုဂ္ဂိုလ် ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါမှ ပြောသည်။
“အနိမ့်ဆုံး ကတော့ စုဖွဲ့မှု ပုံစံ တစ်ခုကို စာရွက် စာတမ်း ပေါ်မှာ သဘော တူညီပြီး မှတ်တမ်း တင်နိုင်အောင် စုဖွဲ့ ရမယ်၊ တစ်ကယ့် မြေပြင် ပေါ်မှာ စုဖွဲ့မှု၊ ပေါင်းစည်းမှု ပြုလုပ် နိုင်ဖို့ ကတော့ မလွယ်သေးဘူး၊ အခြေအနေ ပေါ်လည်း မူတည် သေးတယ်လေ၊ ကိုယ့်ဒူး ကိုယ်ချွှန် ပုံစံနဲ့ ဆက်လုပ် သွားရ မှာပဲလေ” ဟု ဒေးဗစ် သာကပေါ က ပြောသည်။
ထို Federal Union Army ဟု ခေါ်သည့် (FUA) အား ဖွဲ့စည်း ရန်မှာ အစောပိုင်း UNFC စတင် ဖွဲ့စည်း ကတည်း ကပင် ရည်ရွယ် ထားရှိပြီး ထို FUA နှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး သုံးကြိမ်ခန့် ကျင်းပ ပြီးစီး ခဲ့ပြီ ဖြစ်ကြောင်း ဆိုပါသည်။
UNFC မှ ဖွဲ့စည်းသွားရန် လျာထားသည့် FUA တပ်မတော်၌ လူမျိုး တစ်မျိုး တည်းမှ ကြီးစိုးမှု မရှိပဲ ဗမာ အပါအဝင် တိုင်းရင်းသား အားလုံး စုဖွဲ့ ထားသည့် တပ်မတော် တစ်ရပ် အဖြစ် ဖွဲ့စည်း သွားရမည်။
၄င်းတပ်မတော်၏ အဓိက တာဝန်မှာ ပြည်ထောင်စု ရန်ကို ကာကွယ်သည့် တပ်မတော် ဖြစ်ပြီး ပညာသည် အဆင့်မှီ အရည်အချင်း ရှိသော တပ်မတော် တစ်ရပ် ဖြစ်ရန် လိုလားကြောင်း ဒေးဗစ်သာကပေါက ဆိုပါသည်။
ထို့ပြင် စစ်ဦးစီး အဖွဲ့၌ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခြင်း၊ စစ်မှုထမ်း တပ်မတော်သား များ၌လည်း တိုင်းရင်းသား လူမျိုးစု အသီးသီးမှ ပါဝင် စစ်မှုထမ်း ရမည် ဖြစ်ကြောင်း ၄င်းမှ ဆိုပါသည်။
FUA ကို စုဖွဲ့ရန် ပြင်ဆင် ခြင်းမှာလည်း ရှေ့၌ ပေါ်ပေါက် လာမည့် ဖက်ဒရယ် ပြည်ထောင် စုနှင့် ကိုက်ညီသည့် တပ်မတော် ပုံစံ တစ်ရပ် ဖြစ်ရေးကို ရှေးရှူ့ကာ လုပ်ဆောင်ခြင်း ဖြစ်ပြီး စံပြ အဖြစ် စတင် ဖွဲ့စည်း နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။
“တပ်မတော်ဟာ မလိုရင် မလိုသလို ကိုယ့်အချင်းချင်း လိုက်ပြီး နှိမ်နှင်း တိုက်နေတဲ့ တပ်မျိုး မဖြစ်ရဘူး၊ အနိမ့်ဆုံး အဆင့် စာရွက် ပေါ်မှာ (ဖွဲ့စည်းပုံ အရ) အရင် စုဖွဲ့ ရမယ်၊ နောက်ပြီး မြေပြင်မှာ စုဖွဲ့မှု ဖြစ်ပေါ်လာဖို့ ဆက်လုပ် ရမှာပေါ့” ဒေးဗစ် သာကပေါမှ ပြောသည်။
အစိုးရ ကိုယ်စားလှယ် များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်သည့် အခါတွင် ၄င်းဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေး သွားမည် ဖြစ်သည်ဟု ၄င်းမှ ဆိုပါသည်။
လက်ရှိ၌ နိုင်ငံရေး ဆွေးနွေးပွဲ စတင် နိုင်ရန် အတွက် မူဘောင် ညှိနှိုင်းခြင်း အဆင့်သာ ရှိသေး၍ အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ် ရသေးကြောင်း ဆိုပါသည်။
ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့၌ UNFC နှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ တို့မှ နှစ်ဖက် လုပ်ငန်း အထောက်အကူပြု အဖွဲ့များမှ နိုင်ငံရေး ဆွေးနွေးပွဲ စတင် နိုင်ရေးနှင့် ပတ်သက်၍ အကြိုညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ခဲ့ကြပြီး ယခုလ သြဂုတ်လ (၂၀) ရက်နေ့ နောက်ပိုင်း ထပ်မံ တွေ့ဆုံနိုင် ကြရန် သဘောတူ ခဲ့ကြသည်။
သို့သော်လည်း ထပ်မံ တွေ့ဆုံ နိုင်မည့်ရက် အတိအကျ ကိုမူ နှစ်ဖက် ညှိနှိုင်း ဆဲသာ ဖြစ်၍ ထုတ်ဖော် ပြောကြား နိုင်သေးခြင်း မရှိ သေးကြောင်း ဒေးဗစ် သာကပေါမှ ဆက်ပြောသည်။