KNU နှင့် ၈၈ ပွင့်လင်း အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်

KNU နှင့် ၈၈ ပွင့်လင်း အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်
by -
ရွှေဟင်္သာ

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် များနှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များ တို့သည် ဒီမိုကရေစီ အရေးတွင် ပူးပေါင်း ဆောင်ရွက် သင့်သည် များကို အလေးထား ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် စောသမိန်ထွန်းက ဆိုပါသည်။

“ ကျနော်က ၈၈ ရဲ့ ငွေရတု အထိမ်းအမှတ်ကို တက်ရောက် ခဲ့တာပါ။ ၈၈ ငွေရတုရဲ့ အခြေခံ မူတွေဟာ ကျနော်တို့ KNU မူနဲ့ သိပ်မကွာဘူးလေ။ တူရာတွဲ လုပ်ကြတဲ့ သဘောပါ။ အထူးသဖြင့် ရှေ့ဆက်နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးနိုင်ဖို့ ရင်းနှီးမှုတွေ တည်ဆောက် ချင်တာလဲ ပါပါတယ်” ဟု ဆိုပါသည်။

၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် KNU ကိုယ်စားလှယ်တို့ ဆွေးနွေးစဉ် (ဓါတ်ပုံ - ၈၈မျိုးဆက်)

ဒီမိုကရေစီရေးများ၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများ၊လယ်သိမ်း ယာသိမ်း ကိစ္စ၊ အလုပ်သမား အခွင့်အရေးများ ထိခိုက် နစ်နာသည့် ကိစ္စ၊ လူကုန်ကူးမှု ကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စများတွင်  လက်တွဲ ဆောင်ရွက်ကြရန် ရှိပါသည်။  ထို့အပြင်ကရင်ပြည်နယ် အတွင်း ဖြစ်ရှိနေသော လူ့အခွင့်အရေး ဖျောက်ဖျက် ခံနေရသည့် ကိစ္စတွင် ၈၈ မျိုးဆက်များ၏ အကူအညီများ ရယူသွားမည် ဖြစ်ပါသည်။  

နိုင်ငံရေးအရ ၈၈ ငွေရတု အခမ်းအနားမှ ထုတ်ပြန်သော မူ (၃) ချက်သည်လည်း KNU ၏ ပေါ်လစီနှင့် ဆက်စပ်လျှက် ရှိပြီး ပူးပေါင်း အကောင်အထည် ဖေါ်နိုင်မည်ဟု ဆိုပါသည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အရေးတို့သည် KNU ၏ ရည်မှန်းချက် ပန်းတိုင် များပင် ဖြစ်ပါသည်။

၈၈ ငွေရတုမှ ထုတ်ပြန် လိုက်သော မူ (၃) ချက်မှာ (၁) ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိ၍  တန်းတူညီမျှမှု ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် သစ်ကို ထူထောင်ရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။ (၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ကျနုပ်တို့ လိုလားသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲပစည်းပုံ အခြေခံ ဥပဒေသစ် ပြန်လည် ရေးဆွဲရန် လိုအပ်သည်ဟု အလေးနက် ခံယူသည်။ (၃)  ထိုသို့ ဖော်ဆောင်နိုင်ရေး အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

KNU သည် အပစ်အခတ် ရပ်စဲရေး၏ နောက်ဆုံး အဆင့်ကို ပီပြင်လာရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ပူးတွဲဆောင်ရွက်ရန် ရှိသည်များကို အကောင်အထည်ဖေါ်သွားမည် ဖြစ်ကြောင်း၊ တဖွဲ့နှင့်တဖွဲ့ ကင်းကွာမှု မရှိစေရန်လည်း ရည်ရွယ်ကြောင်း ဆိုပါသည်။

KNU ၏ ရှေ့လုပ်ငန်းစဉ် များသည် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရေး အတွက် အစိုးရနှင့် ရင်းနှီးမှု ယုံကြည်မှုများ တည်ဆောက်မည်။ ဤသို့ တည်ဆောက်နိုင်ပါမှ မြို့ပေါ်၌ ရှိသော နိုင်ငံရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်။ ဤမှ တဆင့် မြန်မာပြည်ကို စစ်မှန်တဲ့ ဒီိမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ရရှိရေး အတွက်ကို ဆက်လက် ကြိုးပမ်း သွားနိုင် မည်ဟု KNU က ယုံကြည်ကြောင်း ဆိုပါသည်။

၈၈ မျိုးဆက် အဖွဲ့နှင့် KNU ကိုယ်စားလှယ် များသည် ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန် သင်္ကန်းကျွန်းရှိ ၈၈ မျိုးဆက်ရုံး၌ တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲသို့ ၈၈ မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး( တိုင်းရင်းသား ရေးရာ တာဝန်ခံ)၊ ကိုပြံုးချို ( လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ခံ)၊ ကိုဂျင်မီ( လူထု ဆက်ဆံရေး ဆိုင်ရာ တာဝန်ခံ) တို့ ဖြစ်ပြီး KNU ဘက်က စောသမိန်ထွန်း (ဗဟို အလုပ်မှု ဆောင်ကော်မတီ) နှင့် စောလစ်စတန် (ဗဟိုကော်မတီ) တို့ တက်ရောက် ခဲ့ကြပါသည်။

Most read this week