တရားမဝင် နေထိုင်မှု နှင့် မြန်မာနိုင်ငံသား ၉ ဦး မီဇိုရမ်ရဲက ဖမ်းဆီးထောင်ချ

တရားမဝင် နေထိုင်မှု နှင့် မြန်မာနိုင်ငံသား ၉ ဦး မီဇိုရမ်ရဲက ဖမ်းဆီးထောင်ချ
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမဝင် လာရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံမှ ချင်းလူမျိူး ၉ ဦးကို Sairang ရဲစခန်းမှ တာဝန်ရှိ ရဲများက ယခုလ ၈ ရက်နေ့က ဖမ်းဆီးထောင်ချ လိုက်သည်ဟု သိရသည်။

၎င်းတို့ ၉ ဦးကို အိုင်ဇောလ်မြို့တရားရုံးတွင် သြဂုတ်လ ၉ ရက်နေ့က ခေါ်ဆောင်ပြီး တရားသူကြီး Laldingpuia Tlau က အာမခံခွင့်ပြုခဲ့သော်လည်း သြဂုတ်လ ၁၄ ရက်နေ့နောက်ပိုင်းမှသာ ရူပီး ၃၀၀၀ နှင့် အစိုးရဝန်ထမ်းတဦးဦးမှ အာမ ခံပြီး ပြန်လွတ်နိုင်မည်ဟု အမိန့်ချမှတ်ခဲ့သည်။

ယခု ထောင်ချခံရသူများသည် မီဇိုရမ်ပြည်နယ် Kolasip ခရိုင် Mualkhan ကျေးရွာတွင် တရားမဝင် နေထိုင်ကြသူများ ဖြစ်ကြပြီး ကျေးရွာတာဝန်ရှိသူ JAC အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ကျေးရွာမှထွက်သွားကြရန် အမိန့်ထုတ်ထားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ကုန်ဆုံးပြီးနောက် ကျေးရွာမှ မထွက်ခါွသူ ချင်းလူမျိုးများကို သြဂုတ်လ ၁ ရက်နေ့က Sairang ရဲစခန်းတွင် JAC အဖွဲ့က (FIR) အမှုတိုင်ချက်ဖွင့်လိုက်ပြီး မိသားစု တစုအတွက် အိမ်ထောင်ဦးစီး တယောက်စီ ကို သြဂုတ်လ ၈ ရက် နေ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ ၅၅ ခန့်ရှိသော Mualkhang ကျေးရွာတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ချင်းလူမျိူး ၁၆ အိမ်ခန့်ရှိ ပြီး ၎င်းတို့ သည် ကျေးရွာ အနီးရှိ ခြံစောင့်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကျောက်ထုလုပ်ငန်းများကို လုပ်ကိုင်စားသောက် ကြသည်ဟုသိရသည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျေးရွာတချို့တွင်လည်း တရားမဝင်နေထိုင်သူ နိုင်ငံ ခြားသားများရှာဖွေ မောင်း ထုတ်ရေးလုပ်ငန်းတွေကို မီဇိုးလူငယ်များ အသင်း(ဗဟို)မှ ဦးဆောင်ပြီး အပူတပြင်းလုပ်ဆောင် လျက်ရှိသည်။

Most read this week