မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးခေါ် မကဒတ (ABSDF) သည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် သြဂုတ်လ (၅) ရက်နေ့တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါ သည်။ ဤကဲ့သို့ လက်မှတ် ရေးထိုးနိုင်ခဲ့သည့် တချိန်ထဲတွင် သြဂုတ်လ (၁၀) ရက် နေ့၌လည်း ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ထပ်မံ ကျင်းပ ခဲ့ပါသည်။
ဤသို့ကြောင့် တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိထားသည့် သဘော တူညီချက်များနှင့် ပါတ်သက်ပြီး ခေါင်းဆောင် တဦးဖြစ်သူ ကိုကျော်ကျော်လင်း ၏ပြောပြချက်များကိုကောက်နှုတ်စုစည်းကာ ပြန်လည်ရေးသားဖော်ပြထား ပါသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပ ခဲ့ပါသည်။ ရရှိခဲ့သော သဘော တူချက်များမှာ-
(က)နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေး ပွဲများ ဖြစ်ပေါ်ရေး အတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှ စ၍ နှစ်ဦး နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊
(ခ) အပစ်အခတ် ရပ်စဲ ထားသည့် ကာလတွင် ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့များ အကြား ပဋိပက္ခ ဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက် သွားရန်နှင့် သတ်မှတ်နေရာမှ အပ အခြား ဒေသများသို့ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ လက်နက် မပါ ဥပဒေနှင့် အညီ သွားလာခွင့် ပြုရန်။ (သတ်မှတ်နေရာ) ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများ အတွင်းABSDF တပ်များ လက်ရှိ အခြေပြု နေထိုင်သော နေရာများကို ဆိုလိုသည်။)
(ဂ) ဆက်ဆံရေး ရုံးကို နှစ်ဘက် သဘောတူသည့် မြဝတီမြို့၌ လက်နက် မပါ ထားရှိရန်နှင့် အခြားဆက်ဆံ ရေးရုံး နေရာများ ကိစ္စကို ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေးရန်။
(ဃ) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့တရားဝင် ဖွဲ့စည်းပေး ရန်နှင့်၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို စတင် ကျင်းပသွားရန်။
အထက်ဖေါ်ပြပါ အချက်များနှင့် ABSDF မှ ကြိုတင် ပေးပို့ထားသော အချက် (၁၂) ချက် အပြင် ထပ်မံ ဖြည့်စွက် လိုပါက ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ နှစ်ဘက် ကြိုတင် ညှိနှိုင်းဆွေးနွေး ရန် ပြည်နယ် အဆင့်တွင် နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုး ခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်သော ၃၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၊ ဒုတိယ ဥက္ကဌ၊ ဦးအောင်မင်း ဦးဆောင်ပြီး ဦးသိန်းဇော်၊ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင် ဝင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးအုန်းမြင့်၊ ဝန်ကြီး ဦးဇေယျာအောင်၊ ကရင်ပြည်နယ် အစိုးရကိုယ်စားလှယ် များ၊ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ တာဝန် ရှိသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ မင်းကိုနိုင် နှင့်ဦးမြအေး နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ပါသည်။ လေ့လာသူ အဖြစ် Center for Peace and Conflicts Studies (CPCS) မှ Director Emma Leslie လည်း တက်ရောက် ခဲ့ပါသည်။
အလားတူ သြဂုတ်လ (၁၀) ရက်နေ့တွင်လည်း ပြည်ထောင်စု အစိုးရ အဆင့်နှင့် ပထမ အကြိမ် တွေ့ဆုံပြီး အချက် (၁၃) ချက် သဘောတူ လက်မှတ် ရေးထိုးပြန်ပါသည်။ သဘော တူညီချက်များမှာ-
(က) တနိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်။
(ခ) အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လွတ်လပ်သည့် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူရန်။
(ဂ) နိုင်ငံရေး အင်အားစုများ၊ ပါတီ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏ နိုင်ငံရေး ဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါ၀င်နိုင်ရေး အတွက် တရားဝင် ဖိတ်ခေါ်သွားရန်။
(ယ) နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှ စိစစ် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန်။
(င) မကဒတမှ အဆိုပြုသော ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုင်ရာ ကိစ္စရပ် များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွားရန်။
(စ) မကဒတ၏ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များ၊ နိုင်ငံရေး သဘောထား များနှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် ဥပဒေနှင့် အညီ လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ခွင့်၊ အစည်းအဝေး ကျင်းပခွင့်ရှိရန်။
(ဆ) မကဒတအား မတရား အသင်း အဖြစ် သတ်မှတ် ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေး အတွက် ဆက်လက် ဆွေး နွေးသွားရန်။
(ဇ) အမည်မည်း (Black List) စာရင်းတွင် ထည့်သွင်း ခံထားရသည့် မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက်ပေးရန်နှင့် တရားစွဲဆိုခြင်း ခံထားရသော မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက် ဆွေးနွေးသွားရန်။
(ဈ) ပြည်တွင်းပြည်ပ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ လူမှု အထောက်အကူပြု အဖွဲ့အစည်းများ (CBOs) များနှင့် တည်ဆဲ ဥပဒေနှင့် အညီ ဆက်စပ် ဆောင်ရွက်ခွင့် ရှိရန်။
(ည) သတင်းဌာနများ၊ မီဒီယာများနှင့် လွတ်လပ်စွာ ထိတွေ့ဆောင်ရွက်ခွင့်ရှိရန်။
(ဋ) ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ အပါအဝင် နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မကဒတ မှတင်ပြထားသည့် အောက်ပါ ဆက်ဆံရေး ရုံးများကို ဖွင့်လှစ်နိုင် ရေး အတွက် ဆက်လက် ညှိနှိုင်းသွားရန် -
(၁) ကလေး (၂) ဘုရားသုံးဆူ (၃) မူဆယ်(၄) လွိုင်ကော်
(ဌ) နှစ်ဘက်တပ်များ လိုက်နာရမည့် စည်းကမ်းချက်များ (Code of Conduct) ရေးဆွဲရေးကို မူအားဖြင့် သဘော တူပြီး ဆက်လက် ညှိနှိုင်းရေးဆွဲရန်။
(ဍ) ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်း နှစ်ဖက်ညှိနှိုင်း၍ ရက်သတ်မှတ်သွားရန်။
အဆိုပါ ဆွေးနွေးပွဲသို့ ABSDF မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော် ဆန်နီတို့ ပါ၀င်သည့် အဖွဲ့ဝင် များ တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ လေ့လာသူများ အဖြစ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး (တိုင်းရင်းသား ရေးရာ တာဝန်ခံ) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ဦးအေးသာအောင်နှင့် ဦးဂင်ကန်းလျန် စသည်တို့ တက်ရောက် ခဲ့ကြပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ များဖြစ်သည့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင်ပြီး ၀န်ကြီး ဦးခင်ရီ၊၀န်ကြီး ဦးအုန်းမြင့် အပါအဝင် တာဝန် ရှိသူများနှင့် စစ်ဖက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက် ခဲ့ကြပါ သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းတို့နှင့် အလွတ်သဘော (၃) ကြိမ်နှင့် ကြိုတင် ပြင်ဆင်ရေး အလုပ်အဖွဲ့ (၂) ကြိမ်၊စုစုပေါင်း(၅) ကြိမ် ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီးမှ ယခုကဲ့သို့ သဘော တူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုးပြီးနောက် ABSDF ဥက္ကဌ ရဲဘော်သံခဲက “ ‘ဒီနေ့ လက်မှတ်ရေးထိုး လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ခြေလှမ်း သစ်ဟာ အားလုံး အတွက် လျှောက်လှမ်းရာမှာ ခြေလှမ်းသစ်တိုင်းဟာ ပြည်သူလူထု အကျိုးအတွက် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ ခြေလှမ်းသစ်တိုင်းမှာ ကြံ့ခိုင်စွာနဲ့ လျှောက် လှမ်းဖို့ မကဒတ က အသင့်ရှိတယ်။ ဒီလမ်းခရီးကို လျှောက်တဲ့ အခါမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တဦးနဲ့ တဦးလက်တွဲ တည်ဆောက်ဖို့ အတွက် အခြေအနေသစ် တရပ်လည်း လိုအပ်တယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
အလားတူ ၀န်ကြီး ဦးအောင်မင်းသည်လည်း၊ “ နိုင်ငံရေးမှုများ ကိုသာ ဥပဒေဘောင် အတွင်း ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်ပေမဲ့ ရာဇဝတ်မှုတွေကို ပယ်ဖျက်လို့ မရကြောင်း၊ လူတဦး တယောက် သေကြေတာတို့ ကျနော်တို့ လုပ်ပေးလို့ မရဘူး။ ကျနော်တို့ လုပ်ပေးမယ်ဆိုရင် ပြည်သူဖက်က သစ္စာဖေါက်ရာ ကျမယ်။ သူတို့ပြသနာ သူတို့ရှင်းရမှာ နိုင်ငံရေး အမှုက လုပ်ပေးလို့ ရပေမဲ့ ကျန်တဲ့ အမှုက လုပ်ပေးလို့မရဘူး။” ဆိုခဲ့ပါသည်။
ထို့အပြင် The Voice Weekly သတင်း မီဒီယာကမူ ABSDF မှဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုရော်နယ်အောင်နိုင်တို့အား ပါဂျောင် လူသတ်မှု ကိစ္စ ဖြေရှင်းရန် ရှိနေသည်ဟု တင်ပြထားပါသည်။