ပါဂျောင်သတ်ဖြတ်မှု အစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ABSDF ဒုဥက္ကဋ္ဌ ပြော

ပါဂျောင်သတ်ဖြတ်မှု အစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ABSDF ဒုဥက္ကဋ္ဌ ပြော
by -
မဇ္ဈိမ

၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပါဂျောင်ဒေသတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ကျောင်းသားများကို အစုလိုက် အပြံုလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလတွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

၎င်းက ရန်ကုန်မြို့၊ ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲ တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ပါဂျောင်သတ်ဖြတ်မှုမှာ ယင်းကာလအတွင်း ကျောင်းသားများကို စစ်ထောက် လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေးအဖွဲ့က လေ့လာတွေ့ရှိချက်အရ ထုတ်ပြန်သွားမှာပါ။ ဒီကိစ္စမှာက ပါ၀င်ပတ်သက်သူ ၁၀၀ ခန့်ရှိနေပြီး ၃၀ လောက်ကိုပဲ တွေ့ရသေးတယ်။ ကျန်တဲ့လူ ရ၀ကို မတွေ့ရသေး ဘူး။လေ့လာတွေ့ရှိချက်တွေအရ အမှန်တရားပဲဖြစ်စေရမယ်”ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

ပါဂျောင်တွင် ကျောင်းသားများ အစုပြံုလိုက် သတ်ဖြတ်မှုနှင့် ပါတ်သက်၍ ABSDF မှ ဖွဲ့စည်းထားသော တရားမျှတ မှုနှင့် အမှန်တရားပေါ်ပေါက်ရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များကို ဒီဇင်ဘာလတွင်ထုတ်ပြန် အစီရင်ခံတင်ပြပြီးနောက် သတ်ဖြတ်ခြင်းခံရသော မိသားစုဝင်များက တည်ဆဲဥပဒေအရ တရားစွဲအရေး ယူနိုင်ကြောင်းလည်း ABSDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သတ်ဖြတ်မှုမှာ ပါသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို တောင်းပန်တာတွေ အားပေးနှစ်သိမ့်တာတွေ လုပ်ပေး မယ်။ နောက်ပြီး အစီရင်ခံစာအရ အသတ်ခံရတဲ့ ကျောင်းသားတွေရဲ့ သက်ဆိုင်ရာမိသားစုတွေက တရားစွဲချင် လည်း ရပါတယ်”ဟု ပြောသည်။

၁၉၉၂ ခုနှစ်တွင် ယုံကြည်ချက်ကြောင့် တောခိုလာကြသော ကျောင်းသား ၁၀၇ ဦးကို စစ်ထောက်လှမ်းရေးဟု ဆိုကာ ဖမ်းဆီးမှုများရှိခဲ့ပြီး ၄၀ နီးပါး သေဆုံးခဲ့သည်။

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင် ရန်အတွက် မြောက်ပိုင်းပြန် ကျောင်းသားများက ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။

ABSDF သည် ယခုနှစ် သြဂုတ် ၅ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။