သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များကို ထောက်ပြပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ဆောင်သွားတော့မည်ဟု ပြောဆိုလိုက်သည်။
"အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်အချို့ရဲ့ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိလိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ်များ အပါအဝင် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါတယ်" ဟု သမ္မတက အစိုးရအဖွဲ့ဝင်များ၏ အားနည်းချက်မျာကို ထုတ်ဖေါ်ပြောဆိုသည်။
သြဂုတ်လ ၉ ရက်က ပြုလုပ်သည့် ဝန်ကြီးများ တိုင်းနှင့် ပြည်နယ်မှ ဝန်ကြီးချုပ်များ ဒုတိယဝန်ကြီးများနှင့်နေပြည်တော်တွင် သမ္မတအိမ်တော်တွင် တွေ့ဆုံမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်က စီမံကိန်းကော်မရှင်ကသာ ဆွေးနွေး ညှိနှိုင်း လမ်းညွှန်ဆောင်ရွက်ခဲ့သော်လည်း ယခုမူ ဦးဆောင်ကော်မတီဖွဲ့စည်းကာ သူကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်မည်ဟုလည်းဆိုသည်။
"ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခင်က စီမံကိန်းကော်မရှင်ကသာ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ် လမ်းညွှန်ဆောင်ရွက်ခဲ့ရာမှ ဒီနေ့ကစပြီး နိုုင်ငံတော်အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတက ပြောသည်။
အလားတူ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များသည် ဗဟိုမှ တိုက်ရိုက်ကွပ်ကဲသည့် စနစ်ကိုသာ ကျင့်သုံးနေပြီး လုပ်ပိုင်ခွင့် အာဏာ ဖြန့်ခွဲမှု မရှိဟု ဝေဖန်လိုက်ပြီး အဆိုပါ စိတ်ဓာတ်မျိုးကို ပြုပြင်ပြောင်းလဲရန်လည်း တိုက်တွန်းလိုက်သည်။
"အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များဟာ မိမိတို့ တာဝန်ယူရတဲ့ ဝန်ကြီးဌာန လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြားဝန်ကြီးဌာနများနဲ့ ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှုမရှိဘဲ ဗဟိုမှ တိုက်ရိုက် အမိန့်ပေးကွပ်ကဲသည့်စနစ် ကျင့်သုံးနေခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့် အာဏာ ဖြန့်ခွဲမှု မရှိခြင်းစတဲ့ အားနည်းချက်တွေ ရှိနေဆဲဖြစ်တာကို တွေ့ရှိရတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ် (Mind-set) ပြင်ပြီး ဌာနက တာဝန်ယူရတဲ့ လုပ်ငန်းကဏ္ဍများ အဆင်ပြေချောမွေ့တိုးတက်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြပါ" ဟု သမ္မတက တိုက်တွန်းလိုက်သည်။
အလားတူ တိုင်းနှင့် ပြည်နယ်အစိုးရများကိုလည်း ပြည်ထောင်စု ဝန်ကြီးဌာနများက တိုက်ရိုက်ကွပ်ကဲခြင်း မပြုဘဲ တိုင်းနှင့် ပြည်နယ်အစိုးရများကိုယ်တိုင် စီမံခန့်ခွဲ၊ လမ်းညွှန်၊ စစ်ဆေးသွားရန် မူဝါဒ ချမှတ်ပေးလိုက်
သည်။
သမ္မတက ဆက်လက်ပြောဆိုရာတွင် တိုင်းပြည်အတွင်း လျှပ်စစ်မီးရရှိရန်၊ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ တောင်သူလယ်သမားများကဲ့သို့သော ဆင်းရဲနွမ်းပါးသူများ၏ လိုအပ်ချက် အလုပ်အကိုုင်တို့ကို ဖြည့်ဆည်းပေး ရန် လမ်းညွှန်ခဲ့သည်။