၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အမှတ်တရ

၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အမှတ်တရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကရင်နီတပ်မတော်ထိမ်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

ကရင်နီသမိုင်းထဲက နေ့ထူးနေ့မြတ် အခမ်းအနားတရပ်ဖြစ်တဲ့အတွက် နှစ်စဉ်အခမ်းအနားကျင်းပရာကို သွားတက်လေ့ရှိပါတယ်။

ဒီနှစ်လည်းအခမ်းအနားကို ညာမိုတပ်စခန်းမှာပဲ ကျင်းပမှာဖြစ်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းကနေ အခမ်းအနားကျင်းပရာ ညာမိုစခန်းကို ခြေလျင်နဲ့ ငါးနာရီကြာ လျှောက်လာခဲ့ရပါ တယ်။

ညာမိုစခန်းကိုရောက်ဖို့ ရှည်လျားမြင့်မားတဲ့ တောင်တန်းတွေကျော်ဖြတ်ရပါတယ်။ အရင်ကဆို တောင်ကျောတလျောက်သွားနေစဉ်မှာ တဘက်က အစိုးရတပ်စခန်းတွေကိုမြင်တွေ့ရလို့ ရင်တဒိတ်ဒိတ်နဲ့ပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးတဲ့အချိန်ကာလမို့ အခုခေါက်တော့ ကျမစိတ်အေးလက်အေး သွားခွင့်ရလာပါတယ်။

အခမ်းအနားကို ခြေလျင်နဲ့သွားကြတဲ့ ကျမအပေါင်းအဖေါ်တွေလဲ ကျမလိုပါဘဲ။ တောင်တက်ချိန်ကလွဲလို့ တောင်ကြော အတိုင်း ပြေပြေလေး လမ်းလျောက်နေရတဲ့အချိန်နဲ့ တောင်ဆင်းတဲ့အချိန်တွေမှာဆို အပြန်အလှန်စကားတွေပြော မျက်နှာတိုင်းလိုလိုက ပြံုးပြံုးရွှင်ရွှင်နဲ့ ပျော်စရာသိပ်ကောင်းပါတယ်။

ကရင်နီပြည်ထဲက မိဘပြည်သူတွေဟာလည်း ကျမတို့လိုပါဘဲ။ နှစ်ဦးနှစ်ဘက် ပစ်ကြခတ်ကြတာတွေ ရပ်ဆိုင်းထားနိုင်ခဲ့လို့ သွားလာရေးမှာ အတိုင်းအတာတခုထိ လွတ်လပ်လာပြီး အချင်းချင်း ပြောဆို ဆက်ဆံရာမှာလည်း ယခင်ကထက် ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖေါ် ပြောဆိုလာနိုင်ပါတယ်။ အပစ်ခတ်ရပ်စဲရေးရဲ့အရေးပါမှုက အနည်းဆုံး ပြည်သူတွေအချင်းချင်း တဦးနဲ့တဦး အပြံုးလေးတွေဖလှယ်နိုင်တဲ့ အနေအထားထိတော့ တက်ရောက်နေတာ အမှန်ဘဲဆိုတာကိုပါ။

ညာမိုတပ်စခန်းရောက်သွားချိန်မှာ ရာသီဥတု၊ ဘေးပတ်ဝန်းကျင်သဘာဝအလှနဲ့ တပ်စခန်းတွေရဲ့ အနေအထားကတော့ အရင်အတိုင်းပါဘဲ။ ပြောင်းလဲနေတာက ခုဏကျမပြောခဲ့သလို အခမ်းအနားကို လာကြတဲ့ သူတွေရဲ့ အပြံုးမျက်ဝန်းလေးတွေပါ။

၆၅ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနား မြင်ကွင်း (ဓါတ်ပုံ-ကေတီ)

ကျောင်းသားလူငယ်လူရွယ်လေးတွေ ဆိုရင်လဲ သူ့အုပ်စုလေးတွေနဲ့သူ၊ အလုပ်အကိုင်ရှိတဲ့ ၀န်ထမ်းတွေကလဲ သူတို့အပေါင်းအသင်းတွေနဲ့သူတို့ အားလာပ သလာပဖောက်၊ ပျော်ပါး၊ ရယ်မော၊ စားလိုက်၊ သောက်လိုက်နဲ့ အပန်းဖြေခရီးတခုလိုပါဘဲ။ ပျော်ရွှင်ဖို ့ကောင်းပါတယ်။

ဒါပေမယ့် ကရင်နီတော်လှန်ရေးခရီးက အပန်းခြေခရီးမဟုတ်ဘူးဆိုတာကိုတော့ ယခုအမျိုးသား လွတ်မြောက်ရေးအတွက် စစ်ရေးနဲ့နိုင်ငံရေးအခန်းကဏ္ဍမှာ ဦးဆောင်တိုက်ပွဲဝင်ဆဲရှိတဲ့တော်လှန်ရေးခေါင်း ဆောင်တွေလို့ ဆိုရမှာပါ။

တော်လှန်ရေးခရီး ၆၅ နှစ်ရောက်လာတာနဲ့အညီ အချို့မှာအရွယ်တွေအို၊ သွားတွေကျိုးလို့ အချို့မှာ ကျန်းမာရေးကို အထူးဂရုစိုက်လာကြရတဲ့ ခေါင်းဆောင်တွေတော့ မပြံုးနိုင်မရွှင်နိုင်ကြပါ။

ဒါကတော့ စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့သွားနေရတဲ့ အပြောင်းအလဲတွေထဲမှာ တော်လှန်ရေးခရီး မူလခံယူထားတဲ့ရည်မှန်းချက်နဲ့ တလွဲစီ နိဂုံးချုပ်သွားမှာကို စိုးရိမ်နေကြခြင်းပဲ ဖြစ်ပါတယ်။

"၂၀၀၈ ဥပဒေမှာ ကျနော်တို ့ တိုင်းရင်းသားပြောမှာက တိုင်းရင်းသား တောင်းဆိုမှာက ဒီမိုကရေစီ မဟုတ်ဘူး… ကျတော်တို့စစ်မှန်တဲ့ ပြည်ထောင်စုကို တောင်းဆိုမယ်။ ဖက်ဒရယ်ပြည်ထောင်စုနော နောက်ပြီး ကျနော်တို့တောင်းဆိုမှာက ကိုယ်ပိုင်ပြဌာန်းခွင့်နောက် တန်းတူရေး ရရှိမှုကိုတောင်းဆိုမယ်။ အဲလိုတောင်း ဆိုရင်  သူတို့ပြောတာက အရေး ၃ ပါးနဲ့ ထိနေတယ်…အဲဒါကြောင့် ဘယ်လိုမှ တသက်လုံး တိုက်ပွဲဝင်လာပြီး ကျနော်တို့ လိုချင်တဲ့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိိုမှရောက်မှာမဟုတ်ဘူး" လို့ KNPP အမြဲတမ်း ဗဟိုကော်မတီဝင် ဦးရီမာန်ထူးက ပြောပါတယ်။

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှာ ကရင်နီ အမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက ရရာလက်နက်နဲ့ ပြန်လှည် ခုခံတိုက်ခိုက်ခဲ့ရာ ကနေ ကရင်နီအမျိုး သားတော်လှန်ရေး ဖြစ်ပေါ်လာခဲ့တာပါ။

သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ပြန်လှည်ရရှိရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့့် ပြန်လှည်ရရှိရေးတို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ရာကနေ အမျိုးသားလွတ်မြောက်ရေးအတွက် ရေရှည်ရပ်တည်တိုက်ပွဲဝင်သွားနိုင်ဖို့ ၁၉၇၅ ခုနှစ်မှာ KNPP ပါတီထူထောင်ပြီး လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ပါ တော်လှန်ရေးဆင်နွဲလာခဲ့ကြပါတယ်။

"လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တက်လာတဲ့အစိုးရတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော အဲ့ဒီကပြဌာန်းချက်နဲ့အညီ တိုင်းရင်းသားတွေတကယ်ဘဲ တန်းတူအခွင့်အရေးရမရ ကျနော်တို့ ကြည့်လိုက်တဲ့ အခါမှာ မရှိပါဘူး။ ဘာကြောင့်မရှိသလဲဆိုရင် သူတို့မျှော်မှန်းခဲ့သလို လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ဗမာပြည်ကို တပြည်ထောင်စနစ်နဲ့ဘဲ အခြေပြုပြီး တည်ဆောက်ထားခဲ့တဲ့အတွက် ကြောင့်မို့လို့… အဲ့သလိုနဂိုက မျှော်မှန်းထားခဲ့တဲ့၊ သဘောတူထားခဲ့တဲ့အခွင့်အရေးတွေ မရတာဘဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက… ၁၉၆၂ စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ ပိုပြီးကျနော်တို့ တိုင်းရင်းသားတွေအခွင့်အရေး ပိုပြီးဆုံးရှုံးတာပေါ့ ရှင်းရှင်းပြောရင်…"

၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကရင်နီတော်လှန်ရေး ပေါ်ပေါက်လာခဲ့ရတဲ့ အကြောင်းနဲ့ ဆက်စပ်ပြီး KNPP ဒု-ဥက္ကဌ ခူးဦးရယ်က ပြောပြသွားတာပါ။

နှစ်ပေါင်း(၆၀)ကျော် ဖြတ်သန်းလာခဲ့ရတဲ့တော်လှန်ရေးခရီးကြီးက မလွယ်ကူလှပါဘူး။ တော်လှန်ရေးအတွေ့အကြံုမှာ နှစ်နာ ဆုံးရှုံးမှုတွေအပေါ် ၀မ်းနည်းရဆုံးဖြစ်ရပ်မှာ နဂိုရည်မှန်းချက်ချထားတဲ့ မူဝါဒလမ်းစဉ်အပေါ် လုပ်ဖေါ်ကိုယ်ဖက်အချင်းချင်း သဘောထားကွဲလွဲပြီး ခွဲထွက်ရေးတွေ ဖြစ်ပေါ်တဲ့အခြေအနေဘဲဖြစ်တယ်လို့ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြက ယခုလိုပြောပြပါတယ်။

"ဝမ်းအနည်းဆုံးက ပထမတချက်က ရ၈ခုနှစ်တုန်းက နှစ်ခြားကွဲသွားတယ် အခု ကလလတ ဖြစ်ပေါ်လာတယ်။ ဒုတိယတချက်ကတော့… ဥပမာ… လီးရယ်တို့ နဂါးအဖွဲ့ထောင်တယ်။ နောက်ပြီးခူးရီတို့ အခုခင်များတို့ပြောနေတဲ့ ကယောနီအဖွဲ့ပြန်သွားတာရယ်၊ နောက်ထူကာရီတို့ တယ်နယ်တို့ ရန်သူနဲ့ပူးပေါင်းသွားတာရယ် အဲ့ဒါ၀မ်းနည်းဆုံးပဲ။ ရဲဘော်တယောက် ကျသွားတယ်ဆိုရင် ၀မ်းနည်းတော့ဝမ်းနည်းတယ်… ဒါကတော့ဝမ်းနည်းတဲ့ဂုဏ်ယူမှု တရပ်ပေါ့။ ဒါပေမဲ့ လို့ခုဏပြောတဲ့ ရန်သူဆီမှာကိုယ်ကျိုးအတွက် ကားရမယ်၊ စီးပွားရေးရမယ်ဆိုပြီးတော့မှ သွားတဲ့သူတွေအတွက်တော့ တော်တော် ၀မ်းနည်းတယ်။ နောက်သူတို့ကြီးပွားသလား ချမ်းသာသလား နာမည်ကောင်းသလားဆိုတော့လဲ နာမည်ပျက်နဲ့ဘဲ ရပ်တည်နေရတယ်… ဒါ၀မ်းနည်းဆုံးပဲ"

KNPP ပါတီမှ ပြုစုထားတဲ့စာရင်းအရ ကိုယ်ပိုင်အမှတ်များအရ ပါတီဝင်နဲ့ တပ်အင်အားစာရင်းမှာ ရ၀၀၀ ရှိပြီး ခွဲထွက်သွားတဲ့အဖွဲ့များ၊ သေဆုံးသွားသူများ၊ မိမိဆန္ဒအရ ပါတီမှ နှုတ်ထွက်သူ စာရင်းများမပါဘဲ လက်ရှိ ပါတီဝင်အင်အားမှာ ၁၀၀၀ ရှိပြီး တပ်အင်အားမှာ ၆၀၀ ရှိနေပါတယ်။

ယနေ့ သြဂုတ်လ (၉)ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ့အခမ်းအနားကို KNPP ခေါင်းဆောင်များ၊ တပ်မတော်များ၊ ကျောင်းသားလူငယ်များနဲ့ မိဘပြည်သူ ရ၀၀ ကျော် တက်ရောက်အားပေးတာကို တွေ့ရပါတယ်။

အခမ်းအနားမိန့်ခွန်းမှာ KNPP ဥက္ကဌ ခွန်းအေဘယ်ဒွိက "ကနေ့အထိ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးသွားတာ သုံးကြိမ်ရှိသွားပါပြီ။ သိန်းစိန်အစိုးရ၊ ငြိမ်းချမ်းရေးအချက်ပေါ်မှာ ဒါပေမယ့် ကနေ့ထိ ကြည့်မယ်ဆိုလို့ရှိရင် သဘောတူညီချက် မယ်မယ်ရရတခုမှမရှိဘူး။ ကျနော်တို့ တင်ပြတဲ့အချက်အလက် ဆက်လက်ဆွေးနွေးရန် သဘောတူသည် အဲ့ဒါပဲရေးထားတယ်။ အထူးသဖြင့် နိုင်ငံရေးကိစ္စဝိစ္စ ပိုပြီးတော့အလှမ်းဝေးတယ်"လို့ပြောကြားခဲ့ပါတယ်။

လက်ရှိ KNPP နဲ့အစိုးရအကြား ၂၀၁၂ခုနှစ် မတ်လ(၇)ရက်နေ့မှာ အပစ်ခတ်ရပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယနေ့ထိတိုင် အပြန်အလှန်ပစ်ခတ်မှုများမရှိခဲ့တဲ့အပေါ် ကရင်နီပြည်ဘက်က အပစ်အခတ်ရပ်စဲရေးအခြေနေဟာ တခြားသောတိုင်းရင်းသားဒေသ များထက် တိုးတက်မှုရှိနေပါတယ်။ ဒါပေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ KNPP ဘက်က တင်ပြထားတဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များကို သဘောမတူနိုင်ကြသေးတဲ့အပေါ်မှာ အပြည့်အဝ ယုံကြည်ထားလို့ မရေးသေးကြောင်းလည်း KNPP ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဆန္ဒပြကတည်းက KNPP ဟာ အမျိုးသားရေးအတွက် လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးအာဏာရဖို့ လာမည့် ၂၀၁၅ ရွေးကောက်ဝင်မည့် အလားအလာ မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။ အမျိုးသားလွတ်မြောက်ရေးကို လွှတ်တော်ပြင်ပကနေ ဆက်လက်အလုပ်အကျွေး ပြုသွားဖို့ပါ။

တော်လှန်ရေးသမိုင်းတလျှောက်ကို ပြန်လှန်ကြည့်တဲ့အခါမှာ အမျိုးသားရေးလွတ်မြောက်ဖို့ အသက်တွေ၊ သွေးတွေရင်းပြီး တစိုက်မတ်မတ် အမျိုးသားရေးအတွက် တိုက်ပွဲဝင်လာခဲ့တာ KNPP အဖွဲ့တဖွဲ့ထဲကိုဘဲ တွေ့ရပါတယ်။

ကျမတို့ဟာ ကရင်နီအမျိုးသားတွေပါလို့ အများတကာအလည်မှာ ယနေ့ ကျမတို့နဂို ကျမမိတ်ဆက်နိုင်တဲ့ အခြေအနေဟာ ယနေ့အထိ ကျမတို့တော်လှန်ရေး ကျမတို့ မိခင်အဖွဲ့အစည်း အထင်အရှား ရှိနေလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့်လာမည့်အနာဂါတ်မှာ ကျမတို့အမျိုးသားရေးစိတ်ဓါတ် တည်ဆောက်ဖို့၊ အမျိုးသား တန်းတူရေးရရှိဖို့၊ အမျိုးသားလွတ်မြောက်ဖို့အတွက် KNPP ပါတီကို အားကိုးလို့မရနိုင်ပါဘူး။

အမျိုးသားရေးအတွက် အလုပ်အကျွေးပြုရာမှာ KNPP လိုအဖွဲ့အစည်းထဲဝင်မှ ရတယ်ဆိုတာကိုလဲ ဘယ်သူမှ သတ်မှတ်ချက်တွေ မချထားပါဘူး။

ကိုယ်သာ ကရင်နီအမျိုးတယောက်ဖြစ်နေရင် ကိုယ့်အမျိုးသားရေးအတွက် ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ဘယ်လိုအလုပ်ကျွေးပြုရင်ကောင်းမလဲ ဆိုတာကို စဉ်းစားတတ်ရုံလောက်နဲ့ ၆၅ နှစ် အမျိုးသားတော်လှန်ရေး သက်တမ်းတလျှောက် အသက်တွေပေးလှူသွားခဲ့ကြတဲ့ သူရဲကောင်းတွေ သင့်ကို ဂုဏ်ယူနေမှာပါ။