အဖွဲ့ဝင်သစ်များ လက်ခံရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် ၂၀၁၄ ခုနှစ် နှစ်ဦးတွင် ကျင်းပမည့် ညီလာခံ၌ ဆုံးဖြတ် သွားမည်ဟု ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဆိုပါသည်။
“ အဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားတာ (၄) ဖွဲ့ ရှိတယ်။ ဘယ်အဖွဲ့လဲ ဆိုတာတော့ လောလောဆယ် ထုတ်မပြောသေးဘူး။ ညီလာခံကိုတော့ စောနိုင်သမျှ စောစော ကျင်းပနိုင်အောင်တော့ ကြိုးစားမှာပါ။ သတ်မှတ်ချက်က ၂၀၁၄ နှစ်စပေါ့” ဟုဆိုပါသည်။
လျှောက်ထားသည့် အဖွဲ့ဝင်သစ် (၄) ဖွဲ့ထဲတွင် ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့လည်း ပါ၀င်သည်ဟု UNFC အဖွဲ့ဝင် တချို့က ဆိုပါသည်။
UNFC သည် အဖွဲ့ဝင်သစ်များ လက်ခံရာတွင် မူ (၃) ချက်ဖြင့် သတ်မှတ် ထားပါသည်။ ယင်းအဖွဲ့ဝင် သစ်တွင် ဦးဆောင် ပါတီ တရပ်ရှိရန်၊ ၄င်းပါတီမှ ဦးဆောင်သည့် တပ်မတော် တရပ် ရှိရန်၊ အခြေခံ နယ်မြေ တရပ် ရှိရန်နှင့် ကိုယ်စားပြု အခြေခံ ပြည်သူများ ရှိရန် လိုပါသည်။ ထို့အပြင် အဖွဲ့ဝင်များကို အဆင့် (၃) ဆင့် ခွဲဲပြီး ပြန်လည် သတ်မှတ်ပြန်ပါသည်။ ၄င်းတို့ မှာ တင်းပြည့် အဖွဲ့ဝင်၊ ဆက်စပ် အဖွဲ့ဝင်နှင့် မဟာမိတ် အဖွဲ့ဝင် တို့ဖြစ်ပါသည်။
UNFC ၌ အဖွဲ့ဝင် (၁၂) ဖွဲ့ ရှိပါသည်။ ၄င်းအဖွဲ့ဝင် များကို တင်းပြည့် အဖွဲ့ဝင် အဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ၌ အတည်ပြု ခဲ့ပါသည်။ အဖွဲ့ဝင် သစ်များသည် အဆင့် (၃) ဆင့်ကို သက်တမ်း အားဖြင့် အဆင့်ဆင့် ဖြတ်သန်း လာပြီးမှ တင်းပြည့် အဖွဲ့ဝင် အဖြစ် လက်ခံမည်ဖြစ်သည်။
UNFC သည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခြောက်ဖွဲ့နှင့် မဟာမိတ် အဖွဲ့ ခြောက်ဖွဲ့ဖြင့် စတင် ဖွဲ့စည်း ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ကချင် အဖွဲ့ချင်း ပူးပေါင်း သွားသဖြင့် အဖွဲ့ဝင် (၁၁) ဖွဲ့ ဖြစ်သွားပါသည်။
UNFC ကို၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့ဝင်များမှာ ချင်းအမျိုးသား တပ်ဦး CNF၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ် ပါတီ MNSP၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ LDU၊ ဝ အမျိုးသား အဖွဲ့ချုပ် WNO တို့ ဖြစ်ပါသည်။
UNFC သည် ပြည်တွင်းပ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထု လူတန်းစား အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် ပါတီများ ပါ၀င်သော တိုင်းရင်း ညီလာခံ တရပ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် ကျင်းပနိုင် ခဲ့ပါသည်။