မိုးပြင်းထန်းစွာရွာသွန်းခဲ့ပြီး တောင်ပြိုမှုများ ဖြစ်ပွားမှုကြောင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်းများကို ပြီးခဲ့သော ရက်များက ပိတ်ထားရာမှ သြဂုတ်လ ရ ရက်တွင် စတင်၍ လမ်းများပြန်လည်ဖွင့်လိုက်ကြောင်း မြဝတီမြို့အခြေစိုက် ကုန်သွယ်ရေးစခန်းနှင့် ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
“မနေ့ကစပြီး ကုန်တင်ကားကြီးတွေ မြဝတီမြို့ကနေစတင်ပြီး ထွက်သွားတယ်၊ ရန်ကုန်က ကုန်တင်ကား တွေလည်း မနေ့က စပြီးလာတယ်”ဟု မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ကျအရာရှိတစ်ဦး က မဇ္စျိမသတင်းစာသို့ အတည်ပြုပြောဆိုပါသည်။
မြဝတီမြို့က ခရီးသည်ယာဉ်ကားများ နှင့်ကုန်တင်ကားကြီးများကလည်း စတင်သွားလာနေပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးဒုက္ခသည်များသို့ စားသောက်ကုန် ပစ္စည်းများလည်း ပေးပို့လျက်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး အရောင်းအဝယ်မှာလည်း တစ်ရက်နှစ်အတွင် ပုံမှန်အနေအထားသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း မြဝတီမြို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးဇော်ဝင်းက ဆိုသည်။
“အခုကတော့ လမ်းပန်ဆက်သွယ်ရေးက ပုံမှန်ပြန်ဖြစ်သွားပါပြီ၊ ခုလောလောဆယ်တော့ ကုန်ပစ္စည်းလက်ကျန် အဓိကထားပြီးပို့နေတယ်၊ ဒီဟာတွေ ပို့တာကုန်သွားမှ ထိုင်းကုန်တွေကို ထပ်မှာမှာပါ”ဟု မြဝတီမြို့ အခြေစိုက် ထိုင်းပစ္စည်းများ တင်သွင်းသည့် ကုန်သည်ဦးနေလင်မြင့်က မဇ္စျိမသို့ ပြောသည်။ပြီးခဲ့သော သြဂုတ်လ ၂၈ ရက်မှစတင်ကာ မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် လမ်းများပိတ် ထားပြီး ထိုင်းနိုင်ငံမှ အဓိကသွင်းကုန်များဖြစ်သော စားသောက်ကုန်များနှင့် လျှပ်စစ်ပစ္စည်းများ ရပ်ဆိုင်း ထားရပြီးမြဝတီမြို့ထဲမှ ဘဏ်များလည်း ပိတ်ထားခဲ့ရသည်။