ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြောက်မနေသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ကြောက်မနေသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
by -
မဇ္ဈိမ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိုပြင်ဆင်ရန် ကြောက်မနေသင့်ဟု သြဂုတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ လူတွေက လုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့က မကိုင်ရဲဘူး မထိရဲဘူး ဆိုလို့ရှိရင် ကျွန်မတို့ သက်ရှိ ပြည်သူပြည်သားတွေဟာ သက်မဲ့ စာကြောင်းတစ်ခုကို ကြောက်နေရာ မရောက်ဘူးလားလို့။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုရဲ့ အသက်ဟာ ပြည်သူ လူထုရဲ့ လက်ခံယုံကြည်မှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်လျက်ရှိသည့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှု အခြေအနေ၊ ဖွဲ့စည်းပုံပြင်ဆင် နိုင်မှုများကိုလည်း ထောက်ပြဝေဖန်သွားခဲ့သည်။

“ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိနေပြီလားဆိုတော့ မရှိသေးပါဘူး။ ဥပဒေစိုးမိုးရေးရှိအောင် ကျွန်မတို့ ဆက်ပြီး လုပ်ရမယ်။ ဒီနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ပဲ ရှိနေပြီလားဆိုတာလည်း မရှိသေးပါဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးပြီလားဆိုတော့လည်း စတောင် မစရသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံ၏ အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ပြီး နိုင်ငံရေး ပန်းတိုင်တစ်ခုကို သွားရာတွင် အကြမ်းမဖက်သည့် နည်းလမ်းဖြင့် သွားသင့်သည်ဟုလည်း သူက ဆိုသည်။

“ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အကြမ်းဖက်ပြီးမှ ရနိုင်မယ်ဆိုရင် ကျွန်မတို့တွေ အရည်အချင်း မရှိကြသေးလို့ပါ၊ တချို့က လိုချင်တာကို မြန်မြန်ရဖို့ အကြမ်းဖက်ကြတယ်၊ မြန်မြန်ရောက်တာနဲ့ မှန်မှန်ရောက်တာနဲ့ မတူပါဘူး၊ လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရအောင် လုပ်လိုက်တဲ့အခါမှာ လမ်းခရီးမှာရတဲ့ ဒဏ်ရာတွေကများမယ်၊ ပျောက်ဖို့ ကြာမယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။

နှစ်ပေါင်း ၂၅ နှစ်အတွင်း ပြည်တွင်းတွင် ပထမဆုံး ကျင်းပခွင့်ရခဲ့သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ ကြီး ငွေရတုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ NLD နာယကများဖြစ်သည့် ဦးဝင်းတင်၊ ဦးတင်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တွဲဖက်အတွင်းရေး မှူး ဦးသိန်းဇော်တို့လည်း တက်ရောက်ခဲ့ကြသည်။