ကယား(ကရင်နီ)ပြည်နယ် မြို့ဝင်မြို့ထွက် ဘီးခွန်များ၊ ဘီးကောက်များကို ဝါးတန်းတားပြီး ငွေကောက်ခံသည့်စနစ် မပပျောက်နိုင်သေးကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
ယခုကဲ့သို့ မြို့အဝင်တွင် ၀ါးတန်းကို ဆွဲချပြီး ဘီးခွန်ကောက်ခံရာမှာ ခရီးသွားလာသူများအတွက် စိတ်အနှောက် အယှက်နှင့် အန္တရာယ်များစွာ ရှိနေပါသော်လည်း အခွန်ဆောင်ထားခြင်းမရှိသော ယာဉ်များကို ဆက်လက်ကောက်ခံရန် ယခု ဘဏ္ဍာနှစ်အတွင်း ဝါးတားဂိတ်ဆက်လက် ရှိနေနိုင်သေးကြောင်း ပြောသည်။
ဝန်ကြီးဦးအောင်နိုင်ဦးက "ဒီဝါးတားဂိတ်မထားလို့ မရဘူးပေ့ါနော်။ ထားကိုထားရမယ်" ဟု ပြောသည်။
ဝါးတားဂိတ်တွင် ဘီးကောက်များ ပေးဆောင်စရာ မလိုရန်အတွက်ကိုတော့ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တနှစ်စာအတွက် စည်ပင်သာယာရေးဌာနတွင် အခွန်ဆောင်ထားရန် လိုအပ်သည်ဟု သိရသည်။
တနှစ်စာအတွက် မြင်းလှည်း (၁၀၀၀)ကျပ်၊ ဆိုင်ကယ်တစီး (၃၀၀၀) ကျပ်၊ ထော်လဂျီ နှင့် သုံးဘီးဆိုင်ကယ် (၅၀၀၀)ကျပ်၊ ၁ တန် ၁ တန်ခွဲ ယာဉ်ငယ် (၇၀၀၀)ကျပ်၊ ၃ တန် ယာဉ်လတ် (၁၀၀၀၀)ကျပ်၊ ၃တန် နှင့် ၅ တန် အကြား ယာဉ်လတ် (၁၅၀၀၀) ကျပ်နှင့် ၅တန်အထက် ယာဉ်ကြီး (၂၀၀၀၀) ကျပ် အသီးသီး ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် တစ်ခါဖြတ်ရင် (၂၀၀)၊ တစ်ရက်ပေါ့နော်၊ တစ်ရက်ကို (၂၀၀)ပေးနေရတော့ မဆောင်ရအောင် ဆိုပြီး ကျနော်တို့ ဘာလုပ်မှာလဲဆို ဒီတစ်နှစ်စာ (၃၀၀၀) ပေးဆောင်ပြီးတော့ ကယားပြည်နယ်မှာ ကြိုက်တဲ့မြို့နယ်ကို သွားနိုင်ဖို့ဆိုပြီး ကျနော်တို့ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးက ပြောသည်။
ကောက်ခံရရှိသည့်ငွေများကို မြို့တွင်းရှိ လမ်း၊ တံတားနှင့်ရေရရှိရေးတွင် ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
ထို့ကြောင့် ဝါးတားဂိတ်ပပျောက်ရန်အတွက် ယာဉ်တိုင်းစည်ပင်သာယာဌာနသို့ အခွန်များဆောင်ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ပြုလုပ်သွားရန်အစီအစဉ်ရှိကြောင်း သိရသည်။
သို့သော်လည်း ၀ါးတားပြီး ဘီးခွန်ကောက်သည့် စနစ် အကန့်အသတ်မရှိ မည်သည့်အချိန်အခါတွင် ပပျောက်မည် ဆိုသည်ကို သေချာမသိနိုင်သေးကြောင်း ဝန်ကြီးက ပြောသည်။