ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ်လျက်ရှိသည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ အစိုးရအဖွဲ့အတွင်း သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း တက်ရောက်လာပြီး အခမ်းအနားတွင် ပြသထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြုမှတ်တမ်းတွင် လက်မှတ်ရေးထိုး သွားခဲ့သည်။
၂၅ နှစ်တာကာလအတွင်း ပထမဆုံး တရားဝင် ကျင်းပနိုင်ခဲ့သည့် သြဂုတ်လ ရ ရက် ရှစ်လေးလုံး ငွေရတုအခမ်းအနား သို့ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီများ၊ ၀ါရင့်နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှား သူများ ၃၀၀၀ ခန့် တက်ရောက်လျက်ရှိရာ အစိုးရအဖွဲ့အတွင်း ရာထူးကြီး တာဝန်ယူလျက် ရှိသူ ဦးအောင်မင်း တက်ရောက်လာကာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိခဲ့ရာ ထိုအကျဉ်းသားများကို သမ္မတဦးသိန်းစိန်၊ ၀န်ကြီးဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့က နိုင်ငံရေးအကျဉ်းသားဟုခေါ်ဝေါ်ခြင်းမရှိဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဟုသာ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများအတွင်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။
၂၀၁၃ သြဂုတ်လ ၁ ရက် သမ္မတဦးသိန်းစိန်၏ သြဂုတ် ၁ ရက် မိန့်ခွန်းတွင်မူ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ဟု ခေါ်ဝေါ်ခြင်းမပြုတော့ဘဲ “နိုင်ငံရေးအကျဉ်းသားများ တစ်ဦးတစ်ယောက်မျှမကျန် ရှိစေဖို့” ဟုဆိုကာ နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဟု ကတိပြုခဲ့သည်။
အစိုးရအဖွဲ့အတွင်း ရာထူးအကြီးဆုံး တာဝန်ထမ်းဆောင်နေသူ သမ္မတက “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ” မှ “နိုင်ငံရေးအကျဉ်းသား”ဟု ပြောင်းလဲခေါ်ဝေါ်ပြီးနောက် သမ္မတရုံး၏ ၀န်ကြီးဖြစ်သူ ဦးအောင်မင်းကလည်း ရှစ်လေးလုံး ငွေရတုတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ မှသည် ၂၀၁၃ ခုနှစ်အထိ အကျဉ်းသား ၁၀ ကြိမ်ထိ လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသားများ ပါ၀င်လာပြီး ယခုမူ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်က ဆိုသည်။
ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးအောင်မင်းက သူလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အခမ်းအနား တက်ရောက်လာသူများသို့ ရှင်းလင်း တင်ပြသွားခဲ့သေးသည်။
“အခုလုပ်နေတဲ့ လုပ်ငန်းစဉ်က အသက်တွေနဲ့လည်း ဆိုင်တယ်၊ အရေးလည်းကြီးတယ်၊ အလောင်းအစား ကြေးလဲ ကြီးပါတယ်၊ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးမှာပဲရပ်ထားမှာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဆင့်တက်ပါမယ်” ဟု ပြောကြားသွားသည်။
ယင်းအပြင် “အကုန်လုံးက တိုင်းရင်းသားတွေလို့ပဲ ခံယူထားရင် ပြဿနာတွေက ချုပ်ငြိမ်းသွားပါလိမ့် မယ်၊ ဒီကိစ္စကိုလည်း အသေးစိတ် ညှိနှိုင်းပြီး ဖြစ်ပါတယ်။ အပစ်ရပ်ပြီးရင် နောက်ဆက်တွဲကိစ္စတွေ အကုန်လုံးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်း လုပ်ဆောင်သွားမှာပါ” ဟုလည်း ပြောသွားသည်။
ရှစ်လေးလုံး အခမ်းအနားကို သြဂုတ်လ ၆၊ ရ၊ ၈ ရက်များတွင် ကျင်းပလျက်ရှိနေရာ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံ အမှတ်တရဓာတ်ပုံများ၊ နိုင်ငံရေးအကျဉ်းသား မှတ်တမ်းများ ပြသထားသည်။ အလားတူပင် တက်ရောက်လာကြသည့် တိုင်းရင်းသားများအပါအဝင်၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ခေါင်းစဉ်များဖြင့် ဆွေးနွေးလျက် ရှိနေသည်။