သျှမ်း- ကယား- မွန် ငြိမ်းချမ်းရေးညီလာခံ တောင်ကြီးမြို့၌ ကျင်းပမည်

သျှမ်း- ကယား- မွန် ငြိမ်းချမ်းရေးညီလာခံ တောင်ကြီးမြို့၌ ကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်း၊ ကယား၊ မွန် ပြည်နယ်ဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်အား သျှမ်းပြည်မြို့တော် တောင်ကြီး၌ မကြာခင် ကျင်းပ သွားမည်ဖြစ်ကြောင်း သျှမ်း၊ ကယား ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ ခေါင်းဆောင် ၁ ဖြစ်သူ SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောပါသည်။

လားရှိုးမြို့တွင်ကျင်းပသော သျှမ်း-ကယား ဆွေးနွေးပွဲ (ဓါတ်ပုံ - ကော့လီမီဒီယာ)

“ကျနော်တို့ လားရှိုးမှာ ကျင်းပ ခဲ့တဲ့ သျှမ်း၊ ကယား ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဲဒီမှာ ပြန်လည်သုံးသပ်မယ်။ အခုတခေါက်က သျှမ်းပြည်နယ်၊ ကယားပြည်နယ် နဲ့ မွန်ပြည်နယ် ဆိုပြီးတော့ Trust  Building for Peace ပေါ့၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ တတိယအကြိမ်  ကြိုးစားနေတယ်။ ဖြစ်မဖြစ်တော့ မသိသေးဘူး။ ဖြစ်ဖို့တော့ အလားအလာများပါတယ်။  ဒီလ ကုန်ပိုင်းလောက် လုပ်ဖြစ်နိုင်အောင် စီစဉ်နေတယ်။ တခြား ပြည်နယ်က တိုင်းရင်းသားတွေကိုလဲ ဖိတ်မယ်။ လေ့လာသူ အနေနဲ့ပေါ့။” - ဟု စိုင်းညွှန့်လွင်က ပြောပါသည်။

သျှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ် တို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲအား သျှမ်းပြည်နယ်မြို့တော် တောင်ကြီး ၌ ကျင်းပရန် လျာထားကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံရေးလှုပ်ရှားမှု ပြန်လည် ကြပ်မတ်မှု ရှိလာနေကြောင်း စိုင်းညွှန့်လွင်က ပြောပါသည်။

“ကျနော်တို့ တောင်ကြီးမှာ လုပ်မယ်လို့ မှန်းထားတယ်။ ဒါပေမယ့် တောင်ကြီးမှာလဲ ဘဲ အစိုးရရဲ့ ညွှန်ကြားချက် ကျလာတယ်တဲ့ ။ဘယ်ဟိုတယ်၊  ဘယ်တည်းခိုခန်းဘဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ဆိုင်တဲ့ ကိစ္စ လုပ်မယ်ဆိုရင် ၁၀ ရက်လောက် ကြိုပြီးတော့ ခွင့်ပြုချက်ယူရမယ်လို့ပြောတယ်။ ဘယ်လိုပြန်ဖြစ်မလဲမသိဘူး”

သျှမ်းပြည်နယ်အဆင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ပထမ အကြိမ် ရန်ကုန် တော်ဝင်နှင်းဆီတွင်ကျင်းပပြီး၊ သျှမ်းပြည်နယ် ကယားပြည်နယ်အဆင့်  ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ပြုလုပ်စဉ်ကမူ  သီးသန့်ခွင့်ပြုချက်တောင်းခံ ရခြင်းမရှိကြောင်း၊  အစည်းဝေးတက်ရောက်ရန် ဆိုင်ရာအာဏာပိုင်များသာ ဖိတ်ကြားခဲ့ကြောင်း ကြားသိရပါသည်။

“အခုအစိုးရလုပ်တာက အရင်စစ်အစိုးရ လုပ်နေကျအတိုင်းပြန် လုပ်လာတယ် လို့မြင် မိတယ်။  သူတို့ဖြစ်စေချင်တာ သူတို့ ပြန်လုပ်တာ ဓမ္မတာဘဲလို့မြင်တယ်။ ဒါပေမယ့် ဘာ ဘဲဖြစ်ဖြစ် ပြည်တွင်းက အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး အတွက် လုပ်လာနေ တယ် ဆိုတော့ ကောင်းတဲ့ လက္ခဏာပါ။   နောက်ပိုင်းတော့ ပြည်တွင်း ပြည်ပ လုပ်နေတဲ့ ဟာတွေ ဆက် စပ် ဖြစ်လာမှာပါ။ မွန်ပြည်သစ်ပါတီအနေနဲ့ တော့ တောင်ကြီးမှာ လုပ် မယ့် ဟာနဲ့ ပတ်သက်ပြီး သွားမယ် မသွားမယ် ဆိုတာက မဆုံးဖြတ်သေးဘူး၊ ပြည်တွင်း က အနေအထားဘဲ လုပ်မယ်လို့မြင်တယ်။ ဆုံးဖြတ်ဖို့တော့ စောပါသေးတယ်” - ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးလဲဖြစ် UNFC အတွင်းရေးမှူး လဲ ဖြစ်သည့် နိုင်ဟံသာ က ပြောပါသည်။

သျှမ်းအမျိုးသားများ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ အား ၂၀၁၂ ခု နိုဝင်ဘာ ၂၆ - ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင် နှင်းဆီ ခန်းမ ၌ ပထမ အကြိမ်၊ သျှမ်းပြည်နယ်၊ ကယားပြည်နယ် အဆင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ အား ၂၀၁၃ မတ် ၂၀ -၂၂ ရက်နေ့ထိ ဒုတိယအကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

Most read this week