ဇူလိုင်လကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် မွန်ပြည်နယ်တွင် လယ်မြေဧက ခြောက်သောင်းကျော် ရေလွှမ်းခံရကြောင်း ဩဂုတ်လ ၃ ရက်တွင် တင်သွင်းသည့် မွန်ပြည်နယ်မြေစာရင်းဦးစီးဌာန၏ အစီရင်ခံစာအရသိရသည်။
အဆိုပါ အစီရင်ခံစာအရ လယ်ဧက ၆၆၄၇၄ ဧကကျော်ရေလွှမ်းခဲ့ပြီး၊ တောင်သူဦးရေ ၉၁၇၀ ဦး ထိခိုက်ခဲ့ရသည်ဟုဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရေလွှမ်းခံရသည့် လယ်မြေများ ရေပြန်ကျသွားပြီးဖြစ်သော်လည်း ကျိုက်မရောမြို့နယ် တွင်ရေလွှမ်းခံနေရသည့် လယ်မြေ များ၏ အခြေအနေကိုတော့ စောင့်ကြည့်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ် သဘဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌဒေါက်တာ တိုးတိုးအောင်က ပြောသည်။
လယ်မြေဧက ၁၅၀ဝဝ ကျော်ကျော် ရေလွှမ်းခံနေရသည့် ကျိုက်မရောမြို့နယ်၊ လယ်မြေများ၏ မျိုးစပါးများအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသည်ဟု ၎င်းက ပြောသည်။
“မျိုးစပါးအတွက် တစ်ဧက ကျပ်ရှစ်ထောင် မှန်းထားပါတယ်။ လယ်ဧက အားလုံးအတွက် ဘက်ဂျက် သိန်းတစ်ထောင် မှန်းထားတယ်” ဟု ၎င်းက ပြောသည်။
အစိုးရမှ တတ်နိုင်သမျှ ထောက်ပံ့ပေးသွားရန် စီစဉ်ထားပြီး မွန်ပြည်နယ်ရှိ လုပ်ငန်းရှင်များထံမှလည်း အလှူခံသွားမည်ဟု ဒေါက်တာတိုးတိုးအောင်က ဆက်ပြောခဲ့သည်။
မွန်ပြည်နယ်တွင်စုစုပေါင်းလယ်ဧက ရှစ်သောင်းကျော်သည့်အနက် ရ၅ ရာခိုင်နှုန်းဝန်းကျင် ရေလွှမ်းခံရပြီး အများစုမှာ မိုးစပါးကိုသာ အဓိက အားထားစိုက်ပျိုးကြခြင်း ဖြစ်သည်။
တောင်ကျရေ၊ မြစ်ရေ၊ ချောင်းရေကြီးမှုနှင့် ပင်လယ်ဒီရေတက်ခြင်းတို့ကြောင့် မွန်ပြည်နယ်ရှိ မြို့နယ် ဆယ်မြို့နယ်စလုံး ရေလွှမ်းသည့် ဒဏ်ခံခဲ့ရပြီး ဘီးလင်း၊ ကျိုက်ထိုနှင့် ကျိုက်မရော မြို့နယ်များတွင် အများဆုံး ရေလွှမ်းခံခဲ့ရသည်။
ရေကြီးမှုကြောင့် မွန်ပြည်နယ်တွင် အိမ်ထောင်စု စုစုပေါင်း ၁၀၅၀ မှ လူဦးရေ ၄၆၈၀ တို့ ရေဘေးကြံုတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်ထားသည်ဟု ဩဂုတ်လ ၂ ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။