မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) သည် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ပြည်ထောင်စု ဆိုင်ရာ သဘော တူညီချက် (National Accord) တစ်ရပ် ရရှိရန် အတွက် မွန်ပြည်သစ် ပါတီ၏ သဘော ထားကို သိရှိနိုင်ရန် ယမာန်နေ့တွင် မော်လမြိုင်မြို ့သို့ သွားရောက်ပြီး မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ်များနှင့် ဆွေးနွေး ခဲ့သည်ဟု MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ဆိုပါသည်။
“ ကျနော်တို့က သမ္မတ လမ်းညွန်မှုနဲ့ အစိုးရဘက်က သွားနေတဲ့ လမ်းပြမြေပုံ အရ တစ်ပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး အတွက် လက်ရှိ အနေအထားမှာ ရှေ့ဆက် လုပ်ဆောင် သွားရမယ့် လုပ်ငန်းစဉ်တွေကို သွားရောက် ရှင်းပြပြီး ဆွေးနွေးတယ်၊ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ ကိစ္စ နှစ်ခုနဲ့ ပတ်သက် ပြီးတော့ မွန်ပြည်သစ် ပါတီရဲ့ သဘောထား ကိုလဲ တောင်းခံ ထားပါတယ်” ဟု ဆိုပါသည်။
ယင်းဆွေးနွေးပွဲတွင် MPC ကိုယ်စားလှယ် များသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပရခြင်း ကိစ္စနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်း ကိစ္စများကို ရှင်းပြ ခဲ့ပါသည်။ ဤသည် သမ္မတ၏ လမ်းညွှန်မှု ဖြစ်ပြီး တိုင်းရင်းသားများအား လိုက်လံ ရှင်းပြရန်နှင့် သဘောထား ဆန္ဒရယူရန် တွေ့ဆုံသည့် ခရီးစဉ် ဖြစ်သည်ဟု ဆိုပါသည်။
မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် များကမူ ဤကိစ္စကို အထက်သို့ တင်ပြသွားမည်ဟု အကြောင်း ပြန်ထား ခဲ့ပါသည်။ အကြောင်း ပြန်ရမည့်ရက် သတ်မှတ် ထားခြင်း မရှိသော်လည်း မွန်ပြည်သစ် ပါတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်ပါသည်။ UNFC ကလည်း ပြီးခဲ့သည့် ဇူလိုင် (၃၁) ရက်နေ့ ညီလာခံတွင် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကိစ္စ အပေါ်သဘောထား ပေးခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် အခါ အသုံးပြုရမည့် မူဘောင် (၆) ချက်ကိုလည်း ချမှတ်ထားပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် MPC အနေနှင့် တဖွဲ့ချင်း တွေ့ဆုံရမည့်အစား UNFC နှင့် တိုက်ရိုက် ညှိနှိုင်းရန်သာ လိုအပ်ကြောင်း ၀ါရင့် မွန်နိုင်ငံရေး သမားတဦးက ဆိုပါသည်။
ယင်းဆွေးနွေးပွဲသို့ မြန်မာ ့ငြိမ်းချမ်းရေး စင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင်များ ဖြစ်ကြသော ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင် ၊ ဦးအောင်နိုင်ဦး နှင့် ဦးညိုအုန်းမြင့်တို့ လာရောက် ဆွေးနွေး ခဲ့ကြပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ရုံး၌ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ပါသည်။
မွန်ပြည်သစ်ပါတီ၏ ပြည်တွင်း တာဝန်ခံ အဖြစ် ဗဟိုအလုပ် အမှုဆောင် ကော်မီတီဝင် နိုင်တလညီမှ ဦးဆောင်ပြီး နိုင်ကျည်ဆံ မော်လမြိုင် မြို့ ဆက်ဆံရေးရုံး တာဝန်ခံ နှင့် နိုင်အမ်စိုက်ချမ်း ဖွံ့ဖြိုးရေးရုံး တာဝန်ခံ တို့က လက်ခံ တွေ့ဆုံခဲ့ သည်ဟု ဦးလှမောင်ရွှေက ဆိုပါသည်။
ဤသို့သော သဘောထား ဆန္ဒ ရယူမှုမျိုးကို အစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်လည်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့ ရန်ကုန်ကို ရောက်ရှိစဉ် ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါ သည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC နှင့်လည်း သွားရောက် ညှိနှိုင်းခဲ့ပြီး လာမည့်သြဂုတ်လ ၂၀ ရက်နေ့တွင် ပြန်လည် တွေ့ဆုံရန် သဘော တူညီထားပြီး ဖြစ်သည် ဟု ဦးလှမောင်ရွှေ က ဆိုပါသည်။
ဤသည်ကို ထောက်ရှုခြင်း အားဖြင့် MPC ကိုယ်စားလှယ်များသည် ၄င်းတို့၏ လမ်းညွှန်မူများအား တဖွဲ့ချင်းကို သော်လည်းကောင်း၊ အစုအဖွဲ့ကို လည်းကောင်း လိုက်လံ တင်ပြ ဆွေးနွေးနေသည်မှာ ထင်ရှားစေခဲ့ပါသည်။ မွန်ပြည်သစ် ပါတီ ကမူ UNFC မူအတိုင်း လက်ခံ ကျင့်သုံးဖွယ် ရှိနေသည်ဟု မွန်နိုင်ငံရေး သမားတဦးက ဆိုပါသည်။
မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူ ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးမူကို လက်မခံသော ကြောင့် နှစ်ဖက် အပစ်ရပ် ရေးကို ပျက်ပြယ် စေခဲ့ ပါသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ် ပါတီသည် ဒုတိယ အကြိမ် အစိုးရအဖွဲ့နှင့် ပြည်နယ် အဆင့် အပစ်ရပ်ရေးကို ထပ်မံ သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ငါးကြိမ် တိုင်တိုင် တွေဆုံ ဆွေးနွေး ခဲ့ပါသည်။