ဒုက္ခသည်ပပျောက်ရေး စီမံချက် အစိုးရဆောက်လုပ်ပေးသော အိမ်ယာတွင် မနေလို

ဒုက္ခသည်ပပျောက်ရေး စီမံချက် အစိုးရဆောက်လုပ်ပေးသော အိမ်ယာတွင် မနေလို
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးဌာနမှ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဒုက္ခသည်များအား ညွှန်ကြားလာသည့် တန်ဖိုးနည်း အိမ်မြေယာ စီမံကိန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံတွင် ဒုက္ခသည် အများပိုင်းမှာ ထိုနေရာ တွင် နေထိုင်လိုသည့်ဆန္ဒမရှိကြောင်း လက်မှတ် ရေးထိုးကြသည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်များအတွက် နေရာချပေးမည့် ပလန ရပ်ကွက်တွင်တည်ဆောက်ထားပေးသော တန်းဖိုးနည်းအိမ်မြေယာ၌ နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလ ရေနစ်သော နေရာများဖြစ်ကာ၊ အိမ်ခြံမြေအဝယ် ကျဲပြီး၊ ဝယ်ယူသူများမရှိသလောက်ဖြစ်နေသော နေရာဖြစ်သည်ဟု ဒေသခံများပြောသည်။

myitkyina-refugee-relocation

“မိုးတွင်းကာလဆိုရင်ဒီမှာ တအားကိုရေနစ်တယ်။ ဘယ်သူမှမနေတဲ့နေရာပါ။ ပလနဆိုပေမဲ့ ပလနရပ်ကွက် (၄) အရင်ဇီးလွန်ရပ်ကွက်နေ ရွှေ့ပြောင်းတပ်စခန်းနေရာအလွန် အင်ခိုင်ဘွမ် တောင်ခြေလောက်မှာကျတယ်။ စိုက်ခင်းလုပ်တဲ့သူတွေ လောက်ပဲလာကြတာ။ ရေက တအားကြီးရင် ခါးထိတောင်ရောက်တယ်” ဟု ထိုအိိမ်မြေယာစီမံကိန်း အနီးတွင် အခင်းလုပ်သူဦးအဒီးကပြောသည်။

ထို့ပြင် မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက်ရှိ ဒုက္ခသည်စခန်းများဖြစ်သည့် တပ်ကုန်းနှစ်ခြင်းအသင်းတော်စခန်း၊ တပ်ကုန်းဧမာနွေလအသင်းတော်စခန်း၊ တပ်ကုန်း ထွယ်ဆန် (BOC) စခန်း၊ တပ်ကုန်း စံပြနှစ်ခြင်းအသင်း တော်စခန်း၊ တပ်ကုန်း ဂါလီလဲစခန်းတို့မှ ဒုက္ခသည်စခန်း လေးနေရာတွင် မှီခိုနေထိုင်ကြသည့် ဒုက္ခသည်များ က ၎င်းတို့၏ဆန္ဒအရ စီမံကိန်း အိမ်ယာတွင်နေထိုင်လိုသည့် အကွက်တွင် လက်မှတ်ရေးထိုး ခြင်းမရှိကြောင်း စခန်းတာဝန်ခံ ဦးထိန်ဆန်း ကပြောသည်။

“ကျွန်တော်တို့စခန်းမှာက ဇွန်လိုင်လကုန် မှလျှောက်လွှာရောက်တာပါ။ လျှောက်လွာ ၂ ရွက်ပေါ့။ တစ်ရွက်နေထိုင်လိုကြောင်းဆန္ဒရှိ မရှိ၊ တစ်ခုက မိမိကျေးလက်ဒေသသို့ မပြန်တော့ဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းတဲ့ ပုံစံစာရွက်အားလုံးဖြည့်ရမှာက အိမ်ထောင်စု စာရင်း၊ ဦးစီး၊ မှတ်ပုံတင် နေမယ်၊ မနေဘူးဆိုတာကိုအားလုံးဖြည့်ရမယ်။ ပုံစံ ရောက်ရောက်ချင်းစုပြီး ညွှန်ကြားတယ်။ တခြား စခန်းတွေမှာ ဘယ်လိုရှိလဲမသိဘူး၊ ဒီစခန်းမှာအားလုံးက ခရစ်ယာန်တွေဘဲရှိတယ်ဆိုတော့ သူတို့ကလည်း ဘုရားကျောင်းမှာ နေရတာထက် ပိုပျော်မယ်မထင်လို့ဖြစ်နိုင်တယ်” ဟုဆိုသည်။

သို့သော် ယခုချိန်ထိ ထိုစီမံကိန်းအိမ်မြေယာတွင်ရွှေ့ပြောင်းနေထိုင်သူများမရှိသေးသော်လည်း၊ အိမ်ထောင် စုစာရင်း အရ အိမ်ထောင်စု (၁၀၀၀) ကျော် စာရင်းကောက်ခံရရှိထားပြီဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်သူများထံမှသိရသည်။

အဆိုပါမြေယာတွင်နေရန် စာရင်းသွင်းထားသူများသည် ကျေးရွားတွင်နေထိုင်ခဲ့စဉ် အိမ်ခြံမြေပိုင်ဆိုင်မှုမရှိ သူများနှင့် အချို့စီးပွားပျက် ဒုက္ခသည် စီးပွားရေးသမားများ ဖြစ်သည်ဟု သိရှိရသည်။

အစိုးရအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ဒုက္ခသည်ပပျောက်ရေးစီမံချက်များဆောက်ရွက်မှုဖြစ်ပြီး၊ ယခုကချင်ပြည်နယ်မြစ်ကြီးနားမြို့ စခန်းများတွင် တန်ဖိုးနည်းအိမ်မြေယာစီမံကိန်းမှာလည်း ကချင်ပြည်နယ်အစိုးရစီမံကိန်းအရ လုပ်ဆောင်ရခြင်း မဟုတ်ပဲ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (နတလ)မှ တဆင့်ပြည်နယ်အစိုးရထံသို့ပေးအပ်သော စီမံကိန်းသာဖြစ်သည်ဟု အစိုးရနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယခုအချိန်တန်ဖိုးနည်းအိမ်မြေယာသွားလမ်းကို ကတ္တရာလမ်းအဖြစ်ပြုပြင်ကာ လမ်းအသစ်ဖောက်လုပ်နေပြီး၊ အိမ်ပုံစံအနေအထားမှာ လေးအိမ်စုပုံစံဖြင့် ဆောက်လုပ်ထားပြီး၊ အိမ်တစ်လုံးအရှည်မှာ(၁၆) ပေခန့်ဧည့်ခန်းနှင့်အိပ်ခန်းတွဲတစ်ခုစီအပါ  အိမ်အလုံးရေ မှာ (၂၀၀) ကျော် ဆောက်လုပ်ထားပြီး ဆက်လက်၍ ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

Most read this week