ဆည် ရေယိုစိမ့်မှု ဘောလခဲ ဒေသခံများ သောက်သုံးရေ အခက်အခဲရှိ

ဆည် ရေယိုစိမ့်မှု ဘောလခဲ ဒေသခံများ သောက်သုံးရေ အခက်အခဲရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ရှိ ဒေသခံများ သောက်သုံးရေအဖြစ် အသုံးပြုကြသည့် ဒေါတချဆည် ရေလှောင် ကန်သည် ရေယိုစိမ့်မှုရှိခြင်း၊ မိုးရေချိန်နည်းပါးခြင်းတို့ကြောင့် ဒေသခံများနှင့် ဝန်ထမ်းများ သောက်သုံးရေ အခက်အခဲ ရှိနိုင်သည်ဟု သိရသည်။

ဘောလခဲမြို့တွင် တခုတည်းသောဆည်ဖြစ်ပြီး အောက်ခံမြေသားများသည် ရေများ ယိုစိမ့်ထွက်စေသည့်အတွက် တခြားမြေများဖြင့် မြေအစားထိုးဖို့ရန်မှာလည်း အခက်အခဲများ ရှိနိုင်သည်ဟု ဘောလခဲလရိုင် ဆည်မြောင်းဦးစီးဌာနမှ ဦးကိုကိုအောင်က ပြောသည်။   

blk-lake

ဦးကိုကိုအောင်က "ဒီမှာက အောက်ခံကျောက်များတယ် နှစ်ပေ သုံးပေလောက်ဆို ကျောက်က တွေ့နေပြီ အပေါ်ယံမြေကိုပဲ အဓိကအားထားပြီးယူရမှာ ဖြစ်ပါတယ်။ နေရာကတော့ နည်းနည်းရှာရမှာပေါ့ အဲ့ဒီအခက်ခဲတွေတော့ရှိတယ်" ဟုပြောသည်။
လက်ရှိဒေသခံတချို့နှင့် ဝန်ထမ်းများမှာ ပွန်ချောင်းမှရေကို သွားရောက်ခပ်ယူ အသုံးပြုကြသည်။

ဘော်လခဲမြို့သည် မြေနေရာကျဉ်းပြီး ကျောက်များ သဖြင့် ရေမယိုစိမ့်ထွက်နိုင်ရန် ဆည်အတွင်းရှိ မြေ အစား တခြားမြေအမျိုးအစားကို ကျင်း (၉၀၀၀) ခန့်ဆည်ပြန်ဖို့ရမည်ဖြစ်၍ အခက်အခဲ ရှိကြောင်း ပြောသည်။

"တစ်နေရာထဲမှာလည်း အစုလိုက်အပြံု လိုက်မရနိုင်ဘူး နှစ်နေရာသုံးနေရာ ခွဲသယ်ရမယ် အဲ့ဒီတော့ ဒီမြေကြီးကိုသယ်ရတာ တစ်ပိုင်း စွန့်ပစ်ရမယ်မြေတွေကို တစ်နေရာမှာသွားစွန့်ပစ်ရမယ် စွန့်ပစ်တဲ့နေရာမှာ တပ်မြေတို့ စိုက်ပျိုးရေးမြေတို့ လွတ်ကင်းတဲ့နေရာမှာ သွားပြီးတော့ ပုံရမှာပေါ့" ဟု ဦးကိုကိုအောင်က ဆက်ပြောသည်။

၎င်းရေလှောင်တမံသည် ဘောလခဲမြို့၏ တစ်ခုတည်းသော ရေလှောင်တမံဖြစ်ပြီး ရေယိုစိမ့်မှုရှိခြင်း၊ မိုးရေချိန် နည်းပါးခြင်းတို့ကြောင့် ဒေသခံများနှင့် ဝန်ထမ်းများ သောက်သုံးရေး အခက်အခဲ ဖြစ်နေကြရသည်။  

ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၎င်းဆည်ကို အောက်တိုဘာလခန့်တွင် ပြန်လည်ပြုရန် ကျပ်သိန်းပေါင်း (၂၀၀၀၀) ကျော် လျာထားကြောင်းသိရသည်။

ဒေါးတချဆည်ရေလှောင်တမံသည် ၁၉၉၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၉၉၇ ဇူလိုင်လ တွင်ပြီးစီးခဲ့သည်။

ရေလှောင်တမံမှာ မြေသားတမံအမျိုးအစား နှင့် တမံအမြင့်မှာ ၂၇ ပေ၊ ရေလှောင်ပမာဏ ၂၀၇ ဧကပေ၊ တမံအလျားမှာ (၁၆၄၀) ပေ ရှိပြီးဆည်ရေပေးနိုင်သည့် ဧရိယာမှာ ဧက (၁၀၀၀) ဖြစ်သည်။

Most read this week