မြိတ်ခရိုင် ဘုတ်ပြင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ် ထမ်ဖရဒေသတွင် အစိုးရစစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်လာခြင်းကြောင့် မိမိတို့နှင့် စစ်ရေးတင်းမာမှု ဖြစ်ပွားလျက်ရှိကြောင်း ထိုဒေသတွင် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူးဟံသာက ပြောသည်။
၎င်းက “သူတို့ တပ်ခွဲနှစ်ခွဲတော့ အခု ထမ်ဖရခွင်မှာပဲ နေရာယူထားတယ်။ တစ်ရက် နှစ်ရက် အတွင်းမှာ ထမ်ဖရခွင်က ကျွန်တော်တို့ တပ်စခန်းရှိတဲ့နေရာကို လာပြီးတိုက်ဖို့ အခြေအနေရှိတာပေါ့။ အဲဒီခွင်မှာပဲ ကျွန်တော်တို့လူတွေဖြန့်ထားတာ ရှိတယ်။ တကယ်လို့ ၀င်လာရင် တိုက်ပွဲဖြစ်ဖို့ အခြေအနေရှိတယ်”ဟု မဇ္စျိမကို ပြောသည်။
အစိုးရနှင့် မွန်ပြည်သစ်တပ်များ ကီလိုမီတာ အနည်းငယ်သာရှိသည့် အကွာအဝေးတွင် တပ်စွဲထားကြပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် မိမိတို့ တပ်ဖွဲ့ကို တပ်လှန့်ထားသည်ဟုလည်း သူက ပြောသည်။
ဇူလိုင် ၁၆ ရက်တွင် မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ (ထမ်ဖရဒေသ) သုမင်္ဂလံ ကျေးရွာအနီးရှိ မွန်ပြည်သစ် တပ်စခန်းတစ်ခုကို အစိုးရတပ် ခမရ ၅၈၁ မှ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် မွန်ပြည်သစ်ဘက်က တပ်သား နှစ်ဦး ကျဆုံးကာ အစိုးရတပ်ဘက်က တပ်ကြပ်ကြီး တစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ဘက်က ထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုက်ပွဲသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း ၁၈ နှစ်တာကာလအတွင်း အစိုးရတပ်နှင့် မွန်ပြည်သစ်တို့ ပထမဆုံး ပြန်လည် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်။
မိမိတို့အား စစ်ရေးဖြင့် တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် ဖြစ်ပျက်ခဲ့သည်များကို စုံစမ်း စစ်ဆေးပေးရန်အတွက် မွန်ပြည်သစ်ပါတီက အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ တင်ပြထားပြီး အစိုးရတပ်ဘက်မှ မှားယွင်း ပစ်ခတ်မှုသာဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။
အစိုးရတပ်ဘက်မှ အကြောင်းပြချက်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မွန်ပြည်သစ်မှ ခွဲထွက်ပြီး ထိုဒေသတွင် လှုပ်ရှားနေသည့် နိုင်ပန်းညွန့် ဦးဆောင်သည့် မွန်ပြည် ပြန်လည်ထူထောင်ရေးအဖွဲ့နှင့် မှားယွင်းပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
မွန်ပြည်သစ် ဒေသခံတပ်မှူးကမူ “ထိုအကြောင်းပြချက်သည် ခိုင်လုံသည့် အကြောင်းပြချက် မဟုတ်ဘဲ မိမိတို့အား ရန်စလာခြင်းသာဖြစ်သည်”ဟု ဆိုသည်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက ကျွန်တော်တို့ အောက်ခြေတပ်ရင်းတွေနဲ့ အဆက်အသွယ် ရပါတယ်။ ကျွန်တော်တို့ လှုပ်ရှားတဲ့ခွင်လည်း သူတို့ သိတယ်။ မှားယွင်းပစ်ခတ်တာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ သူတို့ တမင်သက်သက် လာပြီးတော့ ရန်စတဲ့ သဘောပါပဲ”ဟု ဗိုလ်မှူးဟံသာက ပြောဆိုလိုက်သည်။
၎င်းပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ တင်ပြထားပြီးနောက်ပိုင်းတွင်လည်း အစိုးရတပ်မှ မွန်ပြည်သစ် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆက်လက်ဖမ်းဆီးခြင်း၊ သုမင်္ဂလံကျေးရွာကို မီးရှို့ခြင်းများ ဆက်လက် လုပ်ဆောင်နေသည့်အတွက် မှားယွင်းမှုမဟုတ်ကြောင်းကို ပိုမိုခိုင်မာစေသည်ဟု ဗိုလ်မှူးဟံသာက ပြောသည်။
ဇူလိုင်လ ၂၂ ရက်တွင် အစိုးရတပ်က သုမင်္ဂလံရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၅ လုံးမီးလောင် ပျက်စီးခဲ့ပြီး၊ တိုက်ပွဲမဖြစ်ပွားမီနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် အစိုးရတပ်က မွန်ပြည်သစ်တပ်ဖွဲ့ဝင် နှစ်ဦး၊ ၎င်းတို့၏ ဇနီးသည် နှစ်ဦးနှင့် ရွာသားတစ်ဦးကိုဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေး ကြောင်း ဗိုလ်မှူးဟံသာက ပြောသည်။
ထိုအဖြစ်အပျက်အားလုံးကို ဖြေရှင်းနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်များနှင့် ဆွေးနွေးသွားမည်ဟု မွန်ပြည်သစ် မော်လမြိုင်ရုံးမှ အရာရှိတစ်ဦးက ပြောသည်။
အစိုးရစစ်တပ်၏ လုပ်ရပ်ကို ကန့်ကွက်သည့်အနေနှင့် ဇူလိုင်လ၂၉ ရက်တွင် ထိုင်းနိုင်ငံရောက် မွန်နှင့် တိုင်းရင်းသားရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်း တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မွန်ကျောင်းသူ ကျောင်းသားများက ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အစိုးရက ချမှတ်သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးမူကို လက်မခံ၍ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ထိုသို့ အပစ်ရပ်စဲရေး ပျက်ပြယ်သည့် ကာလတွင်ပင် နှစ်ဖက်တပ်များ ပစ်ခတ်မှု မရှိခဲ့ပေ။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင်မူ အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲရေးအတွက် တစ်ဖန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။