(၂၉) ရက်နေ့မှ (၃၁) ရက်နေ့ အထိ UNFC ဦးဆောင် ကျင်းပသည့် တိုင်းရင်း ညီလာခံတွင် အစိုးရ ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံဘဲ အသစ်ရေးဆွဲ သွားမည်ဟု ဆုံးဖြတ် ကြကြောင်း ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာမှ ဆိုပါသည်။
“ အများစု ကတော့ အသစ် ပြန်လည် ရေးဆွဲ တာဘဲ ကောင်းတယ်လို့ ဆုံးဖြတ် လိုက်တယ်။ ပြီးတော့ တခြား အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေလည်း ချမှတ်နိုင်ခဲ့တယ်။ အစိုးရရဲ့ လတ်တလော တင်ပြထားတဲ့ နေပြည်တော် လက်မှတ် ထိုးပွဲ ကိစ္စကိုလည်း ဆုံးဖြတ်နိုင်ခဲ့တယ်” ဟု ဆိုပါသည်။
အစိုးရသည် (၂၀၀၈) အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲရန် စီစဉ် နေသော်လည်း UNFC ညီလာခံ ကမူ အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲ သွားမည်ဟု ဆုံးဖြတ် ခဲ့ပါသည်။ ထို့အတူ အနာဂတ် ဖက်ဒရယ် တပ်မတော် ကိုလည်း မည်သို့ ဖွဲ့စည်း ကြမည် ဆိုသည့် မူကိုလည်း ပေါ်လစီ အရ သဘော တူခဲ့ပါသည်။
ထို့အပြင် မကြာခင်က အစိုးရဖက်မှ တင်ပြ လာသည့် တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲကိုလည်း အစိုးရဖက်မှ တရားဝင် ဖိတ်ကြားလာပါမှ သဘောထား ထုတ်ပြန် သွားမည်ဟု ဆိုပါသည်။ သို့သော်လည်း စည်းကမ်းချက် ထားပြီး တုန့်ပြန် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။
၄င်းစည်းကမ်း ချက်များမှာ (က) စစ်ရေး သဘော တူချက်များ နှင့် (ခ) နိုင်ငံရေးအရ ဆွေးနွေးမည်ဟု အာမခံချက် များမရှိပါက လက်မှတ် ထိုးပွဲကို တက်ရောက် ကြမည် မဟုတ်ဟု ဆိုပါသည်။
ထို့အပြင် UNFC မှ တင်ပြထားသည့် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးသည့် အခါ ကိုင်စွဲရမည့် မူဘောင် ကိုလည်း ညီလာခံမှ သဘောတူ အတည်ပြု ပေးခဲ့ပါသည်။ ညီလာခံ၏ ထုတ်ပြန်ချက် များလည်း ညီလာခံ ပြီးဆုံးသည့် ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် သွားမည်ဖြစ်ပြီး ညီလာခံအတွက် သတင်းစာ ရှင်းလင်းပွဲကို လာမည့် သြဂုတ်လ (၂) ရက်နေ့ ကျင်းပ သွားရန် ရှိသည်ဟု ဆိုပါသည်။
ညီလာခံကို ထိုင်းနိုင်ငံ ဇင်းမယ်မြို ့တွင် ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း တရာကျော် တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။