ကျောင်းသားများကို ကျောင်းဆရာ၊မ သင်ကြားရေးအပြင် မိဘများကပါ ပါ၀င်ထိမ်းကျောင်း ကြပ်မတ်မှုများ ရှိလာနိုင်မှသာ ကယား(ကရင်နီ)ပြည်နယ် ဆယ်တန်းစာမေးပွဲအောင်ချက် တဖန်ပြန်တက်လာနိုင်မည်ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။
ယခု၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တမ်းစာပေးပွဲအောင်ချက် ရာခိုင်နှုန်းကျနေရခြင်းမှာ မိဘတို့အနေဖြင့် သား/မီးတို့နှင့် အချိန်ပေးမှုနည်းပါးပြီး ပညာရေးနှင့်ပတ်သက်၍ ပါ၀င်ကူညီကြီးကြပ်မှုများ အားနည်းသည့်အတွက်ကြောင့် ဖြစ်သည်ဟုဆိုသည်။
ကျောင်းသား/သူများကျောင်းဆင်းပြီး "အိမ်ပြန်ရောက်သွားရင် မိဘတွေက စာဖတ်ခိုင်းတာတွေမတွေ့ရဘူး၊ မကြားရဘူး"ဟု ပြည်နယ်ပညာရေးမှူး ဦးစိုးဝင်းက ဇူလိုင် ၂၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေခံပညာ အထက်တန်းကျောင်းခွဲ ဖွင့်လှစ်ပွဲ အခမ်းအနား၌ပြောကြားသည်။
မိဘတိုင်း သားသမီးများကို ကျောင်းမှ အိမ်ပြန်ရောက်သည့်အချိန်တွင် ဆရာ/မများပို့ချသည့် ကျောင်းသင်ခန်းစာများကို ပြန် လည်မေးမြန်းခြင်း၊ ကျက်မှတ်စေခြင်း ၊ မိဘနှင့်ကလေးတခြား မနေသင့်ပဲ ပြန်လည် ကြပ်မတ်မှုများပြုလုပ်ရမည်ဟု ဆိုသည်။
"ကိုယ်ကိုယ်တိုင်က ဘယ်လောက်ပဲဆင်းရဲဆင်းရဲ လယ်သမားပဲဖြစ်ဖြစ် အခြေခံလူတန်းစားပဲဖြစ်ဖြစ် သားသမီး ရှေ့ဆက်တိုးတက်ဖို့ ကြိုးစားဖို့လိုအပ်ပါသေးတယ်"ဟု ငွေတောင် အ.ထ.က ခွဲကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးမြင့်အောင်က ပြောသည်။
ယခု၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၂၅.၅၂ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်က အောင်ချက်မှာ ၃၆.၇၇ ရာခိုင်နှုန်းဖြစ်သည့်အတွက် သိသိသာသာ ကျဆင်းနေသည်။
အတန်းပုံမှန်အောင်နိုင်ရန်နှင့် ကျောင်းစာများလိုက်နိုင်ရန် ကျောင်းသားများမှာ မူလတန်းမှ အထက်တန်းအထိ ပိုက်ဆံအကုန်ကျခံပြီး ကျူရှင်ယူရသည်။ ကယားပြည်နယ်မှ ကျောင်းသားများသည် ကျူရှင်ယူနိုင်ရန် ငွေကျေးကုန်ကျမှု မခံနိုင်သည့်အတွက် ပညာရေးအပိုင်းမှာ ကျဆင်းနေရခြင်းလည်း ဖြစ်နိုင်ကြောင်း လွိုင်ကော် တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားတဦးက ထောက်ပြသည်။
"ကျနော်တို့ ကယားပြည်နယ်ရဲ့ ဒီနှစ်အောင်ချက် ရာခိုင်နှုန်းပြန်တက်လာဖို့ကတော့ ကျနော်တို့ တော်တော်လေး ကြိုးပမ်းရမှာဖြစ်ပါတယ်"ဟု ပြည်နယ်ပညာရေး ဒု ညွန်ကြားရေးမှူး စီမံ ဆရာကြီး ဦးစောရှာမူအေးလာက ပြောသည်။