သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူး အခြေစိုက် ခလရ ၆၅ တပ်သားနှစ်ယောက် တပ်မှထွက်ပြေးပြီး သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းသို့ ၀င်ရောက်ပူးပေါင်းခဲ့သည်ဟု SSA သတင်း ရပ်ကွက်ကဆိုသည်။
ယခုလ ၄ ရက်နေ့က နားကောင်းမူးအခြေစိုက် ခလရ ၆၅ မှ တပ်ကြပ်ကျော်မိုး အသက် ၂၆ နှစ်၊ ဒုတပ်ကြပ် မောင်အေး အသက် ၂၇ နှစ် တို့နှစ်ဦး ပစ္စတိုသေနတ် တယောက်တလက်စီဖြင့်၊ တောလမ်းမှထွက်ပြေးကာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မောန့်ပင်ကျေးရွာအုပ်စု မျက်နှင်ချင်းဆိုင်ရှိ သျှမ်းပြည်တပ်မတော် အမှတ် ၂ စစ်ဒေသ လွယ်ဆမ်ဆစ် ဌာနချုပ်သို့ လာရောက်ပူးပေါင်းကြောင်း ဗိုလ်မှူးကြီး ယွတ်စစ်က -
“နအဖ စစ်သား နှစ်ယောက်က သျှမ်းပြည်တပ်မတော် အမှတ် ၂ စစ်ဒေသ ဗိုလ်မှူးတင်းခေးဆီလာရောက် ပူးပေါင်းတယ်၊ တပ်တွင်းမျှတမှုမရှိလို့ထွက်ပြေးလာရတယ်လို့ပြောတယ်။ ၂ ယောက်စလုံး ဧရာဝတီတိုင်း မြောင်းမြ ဇာတိ၊စစ်မှုထမ်း လာတာ ၁၀ နှစ်ကျော်ပြီတဲ့။ သူတို့နှစ်ယောက်ကို ကောင်းကောင်းမွန်မွန် လက်ခံကျွေးမွေးထားပါတယ်” ဟု ပြောပြ၏။
“တပ်တွင်းရံပုံငွေအတွက် ကျောက်၊ ဗြံုး တူးရတယ်။ အုတ်ဖုတ်ရတယ်။ နားရက် မရှိဘူး။ အထက်အရာရှိ တွေအကြိုက် မလုပ်ရင် အပြစ်ပေး ဒဏ်ပေးခံရတယ်၊ လစာငွေဖြတ်တယ်။ နောက်ပြီးတပ်တွင်းရဲဘော်တွေ လည်းအချင်းချင်းမတည့် ကြဘူး။ ဘယ်နေရာမှ ဘာမှ မျှတမှု ဆိုတာ မရှိဘူး။ မခံနိုင်တော့လို့ ထွက်ပြေးလာ ကြတာ” - ဟု အဆိုပါတပ်ပြေး ၂ ယောက်ကပြောသည်ဟုဆို၏။
နအဖတပ်တွင်း အထက်အရာရှိများ စည်းစိမ်နှင့် အခွင့်ထူးများရပြီး အောက်ခြေတပ်သားများမှာ မတရား စေခိုင်းမှု ငြင်းပန်းနှိပ်စက်မှုခံရခြင်းကြောင့် ပင်ပန်းဆင်းရဲမှုများ မခံနိုင်တော့ဘဲ သျှမ်းပြည်တပ်မတော်ထံ မကြာခဏလာရောက် ပူးပေါင်းကြသည်ဟုလည်း ဗိုလ်မှူးကြီးယွက်စစ်က ဆိုသည်။
၂၀၀၆ စက်တင်ဘာအထိ - ဗမာ့တပ်မတော်တွင် ခြေလျင်တပ်ရင်း ၂၁၅ ရင်း၊ ခြေမြန်တပ်ရင်း ၃၄၀ ရင်း - စုစုပေါင်း ၅၅၅ တပ်ရင်းရှိကြောင်း၊ ၂၂၀ တပ်ရင်း မှာ တရင်းလျှင် ပျမ်းမျှအင်အား ၂၀၀ မှ ၃၀၀ ကြားရှိပြီး၊ ၂၈၄ ရင်းမှာ လူအင်အား ၂၀၀ အောက်ရောက်နေကြောင်း၊ တပ်ပြေးမှာလည်း ၄ လ လျှင် ပျမ်းမျှအယောက် ၁ သောင်းရှိကြောင်း၊ စစ်အစိုးရ ကြေငြာထားသော တရားဝင်စာရင်းအရ ဗမာစစ်တပ်၌ စစ်အင်အား ၄ သိန်း ရှိကြောင်း ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး အင်အားစု ကဆို၏။