ဒုတိယ ပင်လုံ ညီလာခံသည် လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာရပ်များအား ဖြေရှင်းနိုင်မည့်သော့ ချက်ဖြစ်ကြောင်း သြဂုတ်လ ၄ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း တို့နှင့် တွေ့ဆုံဆွေးနွေးမည့်မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ က ယနေ့ မဇ္စျိမကို ထုတ်ဖော် ပြောကြားလိုက်သည်။
“တိုင်းပြည်ရဲ့ ပြဿနာကို အဓိက ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စကိုလည်း မလွဲမသွေ ဖြေရှင်းဖို့ လိုနေပါတယ်။ ကျနော် တို့ ရည်ရွယ်ထားတာက ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အရေးကိစ္စနဲ့ ပတ်သက်လာရင် အားလုံး ပြောနေတဲ့ ဒုတိယ ပင်လုံလို ညီလာခံမျိုးနဲ့မှပဲ သင့်တော်တဲ့ အချိန်မှာ ခေါ်ယူကျင်းပပြီး ဖြေရှင်းနိုင်မှပဲ ပြေလည်နိုင်ပါလိမ့်မယ်” ဟု မဇ္စျိမကို ပြောသည်။
ထိုသို့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင်ဘားအံမြို့ ၌တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း ABSDF မှ ယနေ့ ထုတ်ပြန်ကြေညာသည်။
“မိမိတို့အနေဖြင့် အဆိုပါ နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဦးတည်၍ ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ဝန်ကြီး ဦးအောင်မင်းနှင့် သွားရောက် တွေ့ဆုံမည့် ABSDF ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကို မကဒတ အနောက်ပိုင်း၊ မြောက်ပိုင်း၊ ထိုင်းနိုင်ငံ အခြေစိုက် နယ်မြေ အသီးသီးမှ ကိုယ်စားလှယ် များဖြင့် စုဖွဲ့ ထားပြီး ၃၅ ဦး ပါဝင်ကာ ဥက္ကဋ္ဌ ရဲဘော် သံခဲ က ဦးဆောင်မည် ဖြစ်သည်။
မကဒတ၏ ကိုယ်စားလှယ် အဖွဲ့များ မည်သည့်နေ့တွင် ထိုင်းနိုင်ငံမှ စတင် ထွက်ခွာ မည်ကိုမူမပြောနိုင် ကြောင်း ၎င်းက ဆိုသည်။
ထိုတွေ့ဆုံရန် ရှိသည့် ဘားအံ ဆွေးနွေးပွဲ ရလဒ်များကိုလည်း တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးထံ တင်ပြပေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မေလ ၂၁ ရက်နေ့ကလည်း အဖွဲ့ဝင် ငါးဦးပါ ABSDF ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း ခေါင်းဆောင်သည့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ အဖွဲ့ (Technical team) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့မတိုင်ခင် ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး အဖွဲ့မှ ဝန်ကြီး ဦးအောင်မင်း တို့သည် ၂၀၁၂ ဇွန်လက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တကြိမ်၊ ထိုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ချင်းမိုင်မြို့တွင် တကြိမ် တွေ့ဆုံခဲ့ ကြပြီး ဖြစ်သည်။
ချင်းမိုင်မြို့၌ ဆွေးနွေးခဲ့ကြပြီးနောက် ပြည်တွင်းသို့ လေ့လာရေး ခရီးစဉ် သွားရောက်ရန် ဦးအောင်မင်း က သဘောတူခဲ့သဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ABSDF ကိုယ်စားလှယ်များ ပြည်တွင်း ခရီးစဉ် သွားရောက်ခဲ့ကာ ဦးအောင်မင်း အပါအဝင် ပြည်တွင်းနိုင်ငံရေး ပါတီများ၊ အလွှာစုံမှ လူထု လူတန်းစားများနှင့် တွေ့ဆုံခဲ့သည်။
ယခုကဲ့သို့ ABSDF မှ ပြည်တွင်း ခရီးစဉ် သွားရောက်ရန် ထုတ်ပြန်သည့် အချိန်သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ တိုင်းရင်းသား ညီလာခံ တရပ်ကို ခေါ်ယူကျင်းပ နေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေသည်။
ယခု ချင်းမိုင်မြို့တွင် ကျင်းပနေဆဲ ဖြစ်သည့် ပြည်တွင်း ပြည်ပ တိုင်းရင်းသား ညီလာခံမှ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာကြရန် ကြိုးပမ်းမှုများကို ကြိုဆိုထောက်ခံကြောင်း ကျောင်းသား တပ်မတော် အတွင်းရေးမှူး ရဲဘော် မျိုးဝင်း က သုံးသပ် ပြောကြားသည်။
“နိုင်ငံရေး ပြသနာကို ဖြေရှင်းတဲ့ နေရာမှာ တဦးကောင်း တယောက်ကောင်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ အဲဒီ အခြေခံပေါ်ကနေပြီးတော့ အခုလိုမျိုး အင်အားစု အားလုံး ပါဝင်တဲ့ တွေ့ဆုံမှုကနေ တဆင့် နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့ စုပေါင်း အားထုတ်တာမျိုးကို ကျနော်တို့ အဖွဲ့က ကြိုဆိုပါတယ်။ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့အတွက်ဆိုရင် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းသွားရမယ်” ဟု မဇ္စျိမကို ပြောသည်။
လက်ရှိ တိုင်းရင်းသား အဖွဲ့များ ရရှိထားသည့် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှ ခိုင်မာသည့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရရှိနိုင်ရန် တိုင်းရင်းသားအဖွဲ့များ၏ အမြင်များ တူညီရန် လိုအပ်ပြီး လုပ်ငန်းစဉ်များ တူညီရန်လည်း လိုအပ်ကြောင်း ရဲဘော်မျိုးဝင်း က ဆက်လက်ပြောဆိုသည်။