ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ပိုင် ကားစာရင်းပေးပို့ရန် အစိုးရက ညွှန်ကြားထားသော်လည်း တောင်ပိုင်း ဝ တပ်ဖွဲ့က တစုံတရာ တုန့်ပြန်မှု မပြုသေးကြောင်း သိရှိရပါသည်။
“SW, NW တံဆိပ်ပါ တောင်ပိုင်း ဝ တပ်ဖွဲ့ရဲ့ကားစာရင်းအားလုံး ပို့ပေးဖို့ ပြောလာတယ်။ ဥပဒေနဲ့ အညီ လိုင်စင်လုပ်ဖို့၊ အခွန်ပေးဆောင်ဖို့ပေါ့။ ဒါမှလွတ်လွတ်လပ်လပ်သွားလာနိုင်မှာလေ။ ဒါပေမဲ့ ဝ တပ်ဖွဲ့က ပို့ပေးမှာလား မပို့ပေးဘူးလားဆိုတာ ဘာမှအကြောင်းမပြန်သေးဘူး” ဟု မိုင်းဆတ် ဒေသခံတစ်ဦးက ပြောပါသည်။
ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA နှင့် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဂျူလိုင် ၁၂ ရက်နေ့ ကျိုင်းတုံ၌ တွေ့ဆုံပြီးနောက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးက တောင်ပိုင်း ဝ တပ်ဖွဲ့ စစ်ဒေသ အမှတ် ၁၇၁ ပိုင် ကားစာရင်း ပေးပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
“ကျိုင်းတုံမှာတွေ့ဆုံတုန်းက နှစ်ဘက်တပ်တွေ ရုပ်သိမ်းမယ်လို့ ကျိုင်းတုံတိုင်းမှူးက ပြောတယ်လို့ လူကြီးတွေက ပြန်ပြောပြတာ။ ကျနော်တို့ဘက်ကလဲ ကားတွေကို တရားဝင်လိုင်စင်တင်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာရှိသမျှကားစာရင်းတွေပေးပို့ဖို့တော့ မဖြစ်နိုင်ဘူး” ဟု မိုင်းတုံမြို့နယ်အတွင်းရှိ ၀ တပ်ဖွဲ့အရာရှိငယ်တဦးကသျှမ်းသံတော်ဆင့်အား ပြောပါသည်။
ဂျူလိုင်လဆန်းပိုင်း မိုင်းဆတ်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် UWSA တောင်ပိုင်း ဝ တို့ စစ်ရေး တင်းမာစဉ်က ဝ တပ်ဖွဲ့ကားများ သွားလာမည်ဆိုပါက အစိုးရဂိတ်များထံ ကြိုတင်အကြောင်းကြား ခဲ့ရကြောင်း သိရှိရပါသည်။
၁၉၈၉ ခုနှစ်မှစ၍ စတင်အပစ်ရပ်ခဲ့သော ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် သီးခြားပြည်နယ် ထူထောင်ရန် နေပြည်တော်အစိုးရထံအကြိမ်ကြိမ်တင်ပြထားသည်။