ဒေသတွင်း တိုက်ပွဲ က TNLA နှင့် အစိုးရတို့၏ ဆွေးနွေးပွဲကို လွှမ်းမိုးနိုင်

ဒေသတွင်း တိုက်ပွဲ က TNLA နှင့် အစိုးရတို့၏ ဆွေးနွေးပွဲကို လွှမ်းမိုးနိုင်
by -
ရွှေဟင်္သာ

ယခု လကုန်၌ ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိသည့် တအာင်း (ပလောင်) အဖွဲ့နှင့် အစိုးရ တို့၏ ဆွေးနွေး ပွဲ အောင်မြင်ရေးမှာ လက်ရှိ ဖြစ်နေသော နှစ်ဖက် တိုက်ပွဲ များ  အပေါ် သက်ရောက်မူတည်နေကြောင်းတအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦးက   ရွှေဟသာင်္ သတင်းဌာနအား သုံးသပ် ပြောကြား ခဲ့သည်။

“တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ မှာလည်း တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်မယ့် အဆင့် လောက်ပဲ ရှိနိုင်မယ်၊ ဆွေးနွေးပွဲ မဖြစ်ခင် တုန်းကလည်း စစ်တပ် တွေက ကျွန်တော်တို့ တောင်ပေါ် ဒေသကို ရောက်လာတယ်၊ ကျွှန်တော်တို့ တပ်နဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားတယ်၊ ဒါတွေက ဒီဆွေးနွေး ပွဲကို သက်ရောက်မှု ရှိနိုင်တယ်” ဟု တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး ပြန်ကြားရေး ဒု-တာဝန်ခံ မိုင်းအောင်နိုင်က ပြောသည်။

တွေ့ဆုံ ဆွေးနွေး ပွဲ၌လည်း နှစ်ဖက်အကြား ထိတွေ့ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား နေမှုကို လျော့ချ နိုင်ရန် အဓိက ထားကာ နံပါတ်တစ် အချက် အဖြစ် ဆွေးနွေး ရမည် ဖြစ်ကြောင်း ၄င်းမှ ဆက်ပြောသည်။

ယခု အကြိမ် တွေ့ဆုံ ခြင်းသည် တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦးတို့ အကြား ပထမဆုံး အကြိမ် ညှိနှိုင်း သဘောတူ နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုမတိုင်ခင် ၌လည်း ၂၀၁၃မတ်လ လောက်၌လည်း နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေး နိုင်ငံရေး အတွက် ပလောင် ဒေသ လွှတ်တော် အမတ်များ၊ အစိုးရထံ လက်နက် ချ သွားသည့် (PSLA) အဖွဲ့တို့က တွန်းအား ပေးကာ ဆောင်ရွက် ခဲ့ကြ သော်လည်း အောင်မြင်မှု မရခဲ့ပေ။

နှစ်ဖက် အကြား ဖြစ်ပွားခဲ့သည့် နောက်ဆုံး ထိတွေ့ တိုက်ပွဲမှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့နှင့် ၂၅ ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစိုးရ တပ်များမှ တအာင်း (ပလောင်)ပြည် လွတ်မြောက်ရေး တပ်ဦး ရှိရာ တပ်စခန်း များသို့ ပြည်သူ့စစ် များနှင့် ပူးပေါင်းကာ တက်ရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

“ကျွန်တော်တို့ စိုးမိုးနေတဲ့ နယ်မြေ တွေကို အစိုးရ တပ်ဖွဲ့ တွေက ဝင်လာ ပြီးတော့မှပဲ တိုက်ပွဲတွေ ဖြစ်ကြခြင်း ဖြစ်တယ်၊ တကယ်လို့ သူတို့က တောင်ပေါ် ဒေသကို မလှုပ်ရှား ပဲနဲ့ မတက် ဘဲနဲ့ ခရီးမထွက် ဘဲနဲ့ စစ်ကြောင်း မထိုးပဲနဲ့ တိုက်ပွဲ ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး၊ ဒါပေမယ့် တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ နောက်ဆုံး အဆင့် အထိတော့ ပြင်ဆင် ထားပြီး ပါပြီ”  ဟု  ပြန်ကြားရေး ဒု-တာဝန်ခံ မိုင်းအောင်နိုင်က ပြောသည်။

တွေ့ဆုံ ဆွေးနွေးမည့် အစိုးရ ကိုယ်စားလှယ် များအား နက်ဖြန် ဇူလိုင်လ (၃၀) ရက်နေ့တွင် နမ့်ခမ်းမြို့တွင် မိန့်ကြီး ကျေးရွာတွင် တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦးမှ သွားရောက် ကြိုဆိုမည် ဖြစ်ကာ ထိုမှ တဆင့် မူဆယ်သို့ တက်လာကြမည် ဖြစ်ကာ မူဆယ်၌ ညအိပ် ရပ်နားမည် ဖြစ်သည်။ နောက်နေ့ (၃၁) ရက်နေ့၌ ဆွေးနွေးပွဲ စတင်မည် ဖြစ်သည်။

တွေ့ဆုံဆွေးနွေး ပွဲ၏ PSLF ကိုယ်စားလှယ် အဖွဲ့ကို အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်ပြီး ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူး တာခူလန်၊ ဗိုလ်မှူး တာရောခြိုး၊ ဗိုလ်မှူး တာအောင်မြတ် အပါအဝင် ကိုယ်စားလှယ် (၉) ဦး ပါဝင်မည် ဖြစ်သည်။

အစိုး၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ကိုမူ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းမှ ဦးဆောင်မည် ဖြစ်ကာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး အပါအဝင် ကိုယ်စားလှယ် (၁၃) ဦး တက်ရောက် ကြမည် ဖြစ်သည်။

အလားတူ PSLF ၏ မဟာမိတ် အဖွဲ့ အစည်းများ ဖြစ်ကြသည့် KIO, KNU, NMSP, SSPP/SSA, UWSA လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက် ကြမည်ဖြစ်သည်။

အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်တော် (PSLA) တို့ ၁၉၉၁ ခုနှစ်က အပစ် အခတ် ရပ်စဲရေးအား လက်မှတ် ရေးထိုး ခဲ့ကြ သော်လည်း အပစ်အခတ် ရပ်စဲရေးကို လက်မခံသည့် အင်အားစု များမှ ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး ( PSLF) ကိုပြန်လည် ထူထောင်ပြီး တအာင်း အမျိုးသားရေး အတွက် ဆက်လက် တိုက်ပွဲဝင် ခဲ့ကြသည်။

သို့သော် ၂၀၀၅ ခုနှစ်တွင် PSLA က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ခဲ့သောကြောင့် ၂၀၁၁ ခုနှစ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။

Most read this week