တိုင်းရင်းသား ညီလာခံကြီးကို PDF အဖွဲ့ဝင်များ တက်ရောက်

တိုင်းရင်းသား ညီလာခံကြီးကို PDF အဖွဲ့ဝင်များ တက်ရောက်
by -
သျှမ်းသံတော်ဆင့်

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဦးစီးကျင်းပသည့် တိုင်းရင်း သား ညီလာခံကြီးကို အပစ်ရပ်အဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ် ပေါင်းစု (PDF) အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။

UWSA   ပြင်ပဆက်ဆံ ရေးဌာနကြီးမှူး ရှောင်းဆမ်ခွန်း

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF)ကို ပန်ဆန်းအခြေစိုက် ၀ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ/တပ်မတော် UWSP/UWSA ၊ မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု-သျှမ်း ပြည်အရှေ့ပိုင်း NDAA-ESS ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့နှင့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDAK) တို့က ၁၉၈၉ ခုနှစ်၌ ပူးပေါင်းဖွဲ့စည်းခဲ့သည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသော စခုန်တိန်ရိန်း ဦးဆောင်သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDAK) မှလွှဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ၀ တပ်ဖွဲ့ UWSA ကို ပြင်ပဆက်ဆံ ရေးမှူး ရှောင်းဆမ်ခွန်းကလည်းကောင်း၊ မိုင်းလားတပ်ဖွဲ့ NDAA-ESS ကို ဒု-စစ်ဦးစီးချုပ် စဝ်ခမ်းမောင်ကလည်းကောင်း၊ ကိုးကန့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ MNDAA ကို Peng Jiasheng ၏သား Peng Kun ကလည်းကောင်း ဦးဆောင်တက်ရောက်ကြသည်။

“ကျနော်တို့ တစုတစည်းတည်းဖြစ်ဖို့ အချိန်တန်ပြီ။ ကျနော်တို့ အချင်းချင်းကြား ယုံမှားသံတယတွေ နားလည်မှု လွဲတာတွေ အများကြီးဘဲ။ အဲဒါတွေကို အရေးမကြီးတဲ့ ကိစ္စဆိုပြီး ဒီအတိုင်း ထားလို့မရဘူး” ဟု ပန်ဆန်းမှအရာရှိတစ်ဦးက ပြောပါသည်။

တိုင်းရင်းသား ညီလာခံကြီးကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု(PDF)မှ ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား ညီလာခံကြီးကို ဂျူလိုင် ၂၉ ရက်မှ ၃၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်တာ ကျင်းပသွားမည်ဖြစ်သည်။ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့(UNA)မှ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ များ၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)မှ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများလည်း တက်ရောက်ကြသည်။