အစိုးရမှ မွန်ပြည်သစ်ပါတီအား တိုက်ခိုက် ခဲ့မှုကို ရှုတ်ချသည့် ဆန္ဒပြပွဲပြုလုပ်

အစိုးရမှ မွန်ပြည်သစ်ပါတီအား တိုက်ခိုက် ခဲ့မှုကို ရှုတ်ချသည့် ဆန္ဒပြပွဲပြုလုပ်
by -
ရွှေဟင်္သာ

မြိတ်ခရိုင်၌ ဖြစ်ပွား ခဲ့သည့် မွန်ပြည်သစ် ပါတီ တပ်ဖွဲ့အား အစိုးရ တပ်မှ ဝင်ရောက် တိုက်ခိုက် ခြင်းကို ရှုတ်ချသည့် ဆန္ဒပြပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာ သံရုံး ရှေ့၌ ယနေ့ ဇူလိုင်လ (၂၉) ရက်နေ့ နံနက် (၉) နာရီခွဲမှ စတင်ကာ (၁၁) နာရီ အထိ ပြုလုပ် ခဲ့ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မီတီမှ ပြောသည်။

“အပစ်ရပ် ထားပြီးတော့ ကျွန်တော်တို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA တပ်ဖွဲ့ကို လာရောက် တိုက်ခိုက် လိုက်တဲ့ အပေါ်မှာ မွန်ပြည်သစ် ဘက်က တင်ပြ တောင်းဆို ခဲ့ပေမယ့်လဲ အစိုးရဘက်က ဘာမှ အကြောင်းပြန် တာတို့ အရေးယူ ပေးတာတို့ မတွေ့ ရသေးဘူး၊ ကျဆုံး သွားတဲ့ မွန်ရဲဘော်နဲ့ မွန်အလံတော် မီးရှိူ့ လိုက်တဲ့ ကိစ္စကို ကျွန်တော်တို့ ဘယ်လိုမှ လက်မခံ နိုင်ပါဘူး၊ ဒါကြောင့် ဒီဆန္ဒ ပြပွဲကို ပြုလုပ် ရတာ ဖြစ်ပါတယ်” ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌ နာဲလယီထောမှ ပြောသည်။

မြန်မာ့ တပ်မတော်မှ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းမြန်မာ နယ်စပ် ဖြစ်သော ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန် ခရိုင်ရှိ ဗန်စဖန်နွဲ့ နှင့် ဗန်စဖန်ယိုင်း အကြားရှိ မွန်ပြည်သစ် ပါတီ မြိတ်ခရိုင် တပ်ဖွဲ့များ၏ ခြေစိုက် စခန်းဖြစ်သော သုမင်္ဂလံ တပ်စခန်းကို လာရောက် တိုက်ခိုက် ခဲ့သည်။

၄င်းတိုက်ခိုက် မှုကြောင့် မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ လက်အောက်ခံ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ရဲဘော် နှစ်ဦး ကျဆုံး ခဲ့ရကာ မြန်မာ့ တပ်မတော်မှ တပ်ကြပ်ကြီး စိုးနောင်လည်း ကျဆုံးခဲ့ကာ လေးဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဒေသခံ တပ်မှူး ဗိုလ်ကြီး တမော့ချမ်းက တိုက်ပွဲ အပြီး၌ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားပါသည်။

ထိုမတိုင်ခင် ဇူလိုင်လ ၉ ရက်နေ့က အစိုးရတပ်ဖွဲ့ တနင်္သာရီတိုင်း အခမောက်ကြီး အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ကျောက်ထနောင်း ကျေးရွာ အခြေစိုက် ခမရ ၅၈၁ ဗိုလ်ကြီး နေမျိုး ဦးဆောင်သော တပ်ဖွဲ့တို့ လာရောက် မီးရှိူ့ ခဲ့သည်။

ယနေ့ ပြုလုပ်သည့် ယင်းဆန္ဒ ပြပွဲသို့ ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းတက္ကသိုလ်၌ တက်ရောက် နေကြသော မွန်ကျောင်းသူ ကျောင်းသားများနှင့် ဘန်ကောက်မြို့ အနီးတဝိုက်ရှိ မွန်များ ၁၅၀ ဦးခန့် ပါဝင်ခဲ့ကြပြီး  (၁) နာရီခွဲ ခန့် ကျင်းပ သွားခဲ့ ကြသည်။

ဆန္ဒ ပြပွဲတွင် တောင်းဆိုချက် ၃ ချက်နှင့် ကြွှေးကျော်သံ ၄ ချက်တို့ကို ကြွှေးကျော်ကာ ဆန္ဒပြပွဲ အခမ်း အနားကို ကျင်းပ ခဲ့ကြသည်။ ၄င်းအပြင် သမ္မတထံ လိပ်မူပြီး အိတ်ဖွင့် ပေးစာ တစောင်ကိုလည်း ထိုင်းရဲမှ တဆင့် မြန်မာ သံရုံးထံ ပေးပို့ ထားကြောင်း နိုင်လယီထော က ပြောသည်။

“မွန်အလံတော် မီးရှို့ ခံရတဲ့ အထိမ်း အမှတ်၊ ကျဆုံး သွားခဲ့ရတဲ့ မွန်ရဲဘော် နှစ်ဦးကို ရည်စူးပြီး ဝမ်းနည်းခြင်း အထိမ်း အမှတ်နဲ့ ခေတ္တ အလေးပြု ခဲ့ကြပြီး အခမ်းအနားကို ကျွန်တော်တို့ ရုပ်သိမ်း လိုက်တယ်” ဟု ဆိုပါသည်။

၄င်း မွန်ပြည်သစ်ပါတီ သုမင်္ဂလံ တပ်စခန်း တိုက်ခိုက ်ခံရသည့် အပေါ် အစိုးရ ဘက်က မည်ကဲ့သို့ ပြန်လည် ဖြေရှင်း ပေးခဲ့ သည်ကို မွန်ပြည်သစ် ပါတီအား မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ပေးခြင်း မရှိခဲ့ပါ။