တက္ကသိုလ် ကျောင်းသား ၂၀၀ ကျော်အား ရခိုင်သဟာယ အသင်းမှပညာတော်သင် ထောက်ပံ့

တက္ကသိုလ် ကျောင်းသား ၂၀၀ ကျော်အား ရခိုင်သဟာယ အသင်းမှပညာတော်သင် ထောက်ပံ့
by -
နိရဥ္စရာ

ရခိုင်သဟာယ အသင်း (ရန်ကုန်)မှ  ကြီးမှူး ကျင်းပ ပြုလုပ်ခဲ့သော ရခိုင်ပညာသင် ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် စာတော်ပြီး ပညာသင်ရန် အခက်အခဲ ဖြစ်နေကြသော တက္ကသိုလ်နှင့် ကောလိပ် အဆင့် ကျောင်းသား- ကျောင်းသူ  ၂၂၈ ဦးကို ပညာသင် ထောက်ပံ့ကြေးဆုများ ချီးမြှင့်ခဲ့သည်။

hiromi-yokoyama-japan

ပညာတော်သင် ထောက်ပံ့ကြေးဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ IBC ( International Business Center) တွင် ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး ပညာသင် ထောက်ပံ့ကြေးရ ကျောင်းသူ ကျောင်းသားများ၊ အလှူရှင်များ အပါအဝင် လူပေါင်း ၃၈၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ပညာသင်ဆု ထောက်ပံ့ကြေးဆုများအား  ရခိုင်သဟာယ အသင်း (ရန်ကုန်)၊ ရခိုင်လူမူရေး အသင်း (ဂျပန်)၊ ရခိုင်ပညာရေး ဖေါင်ဒေးရှင်း (စင်္ကာပူ)၊ သြစတြေလျ ရခိုင်အသင်းနှင့်  ရခိုင်သင်္ဘောသားများ လူမူရေး အသင်း (ရန်ကုန်) တို့က ပူးပေါင်း ချီးမြှင့်ခြင်း ဖြစ်ကြောင်း ရခိုင်သဟာယ အသင်း ဥက္ကဌ ဦးလှမောင်သိန်းက နိရဥ္စရာသို့ ပြောသည်။

“ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၂၈ ဦးကို ဒီနှစ်မှာ ပညာသင်ဆု ချီးမြှင့်နိုင်ခဲ့ပါတယ်။ ကျောင်းသား တစ်ဦးကို ကျပ် ၂ သိန်းနုှန်းနဲ့ ချီးမြှင့်ပါတယ်။ ခုလို ကျောင်းသား အရေအတွက် ဒီနှစ်မှာ တိုးတက် ချီးမြှင့်နိုင်တာဟာ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရခိုင်လူမူ အဖွဲ့အစည်းတွေက ယခင်ကထက် ပိုမိုစိတ်ဝင် စား လာပြီး ပူးပေါင်းဆောင်ရွက်လာတဲ့ အတွက် ဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် ရခိုင်သင်္ဘောသားများ လူမူရေး အသင်း (ရန်ကုန်)ကလည်း ပူးပေါင်းလာတာကြောင့် စာတော်ပြီး တက္ကသိုလ် နဲ့ ကောလိပ်တက်ဖို့ အခက်အခဲ ဖြစ်နေကြတဲ့ ကျောင်းသားအများအပြားကို ချီးမြှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးလှမောင်သိန်းက ဆိုသည်။

ယခုနှစ်တွင် ရခိုင် သဟာယအသင်း ပညာသင် ထောက်ပံ့ကြေး လျှောက်ထားသူ တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား အရေ အတွက်မှာ အထူးတိုးပွားလာခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၄၀ ကျော် ထိရှိခဲ့သည်။

“ စုစုပေါင်း ဒီနှစ်မှာ ပညာသင် ထောက်ပံ့ကြေးလျှောက်တဲ့ ကျောင်းသား ကျောင်းသူ အရေ အတွက်က ၁၄၀ ကျော်ရှိပါတယ်။ အဲဒီအထဲက ၉၄ ယောက်ထိ ပညာတော်သင် ထောက်ပံ့ကြေးဆု ချီးမြှင့်နိုင်ခဲ့ပါတယ်။ ယခင်နှစ်ကြီး ကျောင်းသားတွေနဲ့ ပေါင်းရင် ကျောင်းသား ကျောင်းသူ ၂၂၈ ယောက်ကို ဆုချီးမြှင့်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွင်း အသစ်တက်လာသူ တက္ကသိုလ် ကောလိပ်ကျောင်းသား ၅၀ နှင့် ၆၀ အကြားကိုသာ ဆုချီးမြှင့်နိုင်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်သဟာယ ပညာသင် ထောက်ပံ့ကြေးဆု လျှောက်ထားသူ အရေအတွက် တိုးပွားလာခြင်းမှာ ရခိုင်ပြည်နယ်၏ စီးပွားရေး တဖြည်းဖြည်း နိ်မ့်ကျနေပြီ မိဘများ အနေဖြင့် အဆင်မပြေ၍ ဖြစ်ကြောင်း ဦးလှမောင်သိန်းက ဆိုသည်။

“ ကျွန်တော်တို့ ရခိုင်ပြည်နယ်က ကျောင်းသား ကျောင်းသားသူတွေ တစ် နှစ်ထက် တစ်နှစ် ပညာသင် ထောက်ပံ့ကြေး လျှောက်တာ ပိုများလာပါတယ်။ ဘာကြောင်း ခုလို ဖြစ်ရသလဲဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်က စီးပွားရေး အလွန်နိမ့်ကျလာတဲ့အခါ မိဘတွေက အဆင် မပြေတဲ့အတွက် ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်အခဲတွေ သိပ်ရှိကြပါတယ်။ ဒါကြောင့်လည်း လျှောက်လွှာက တစ်နှစ်ထက် တစ်နှစ် ပိုပိုများလာပါတယ်။”

ယခုကဲ့သို့ မိဘများ စီးပွားရေး အခက်အခဲကြောင့် လျှောက်ထားသူ အရေ အတွက် တိုးပွားလာနေသဖြင့် အလှူရှင်များကိုလည်း လိုက်ရှာ စည်းရုံးနေရသည်ဟု သူက ဆက်ပြောသည်။

“ ကျွန်တော်တို့ကလည်း အလှူရှင်တွေကို ရနိုင်သလောက် စည်းရုံးပြီး ရှာပါတယ်။ ဒီမှာ ရန်ကုန်မှာ ရှိတဲ့ ရခိုင်အမျိုးသား စီးပွားရေး သမားတွေ ရော၊  နိုင်ငံတကာ မှာ ရောက်နေကြတဲ့ လူငယ်အဖွဲ့တွေကလည်း ပူးပေါင်းပြီး ပါ၀င်လာကြပါတယ်။ ဥပမာဆိုရင် ဂျပန်နိုင်ငံမှာရှိ တဲ့ ဂျပန် လူမှုရေးအသင်း ရခိုင်လူငယ်တွေ ဖွဲ့ထားတဲ့အသင်း ဖြစ်ပါတယ်။ နောက်ပြီး စင်ကာပူမှာရှိတဲ့ ရခိုင်လူငယ်အဖွဲ့အစည်းတွေပါ။ ပြီးတော့ သြစတြေလျ။ အဲဒီနိုင်ငံမှာရှိတဲ့ အလှူရှင်တွေ အဲဒီနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ရခိုင်အဖွဲဲ့အစည်းတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ အလှူငွေကြေးထည့်ပြီး ပါ၀င် လှူဒါန်းပါတယ်။ နောက်ပြီး ဒီမှာ ရန်ကုန်မှာရှိတဲ့ ရခိုင်သင်္ဘောသား အသင်းကလည်း ဒီနှစ်မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လှူတဲ့ အထဲမှာပါ၀င်လာတယ်။”

ရခိုင်သဟာယ အသင်း (ရန်ကုန်) သည် စာတော်ပြီး ပညာသင်ရန် အခက်အခဲ ဖြစ်နေကြသော တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသူ ကျောင်းသားများကို ထောက်ပံ့သည်သာမက ရခိုင်ပြည်နယ် အတွင်း မြို့နယ် တစ်မြို့နယ်မှ မူလတန်း အဆင့် ကျောင်းသား ၆၀၊ အလယ်တန်း အဆင့် ကျောင်းသား ၁၂ ယောက်နှင့် အထက်တန်းအဆင့် ၆ ယောက်ကို နှစ်စဉ် ထောက်ပံ့ပေးသည်ဟု သိရသည်။ ၎င်းပြင်  ဘုန်းတော်ကြီးသင်ပညာရေးကိုလည်း ထောက်ပံ့ပေးသည်ဟု ဆိုသည်။

ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်နေရခြင်းမှာ ရခိုင်လူမျိုးများ ပညာတတ်မှ မိမိပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိမ့်ကျနေသော ရခိုင်ပြည်နယ်ကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း ရခိုင်သဟာယ အသင်း ဥက္ကဌ ဦးလှမောင်သိန်းက ပြောသည်။

“ ကျွန်တော်တို့ လူမျိုး ကျွန်တော်တို့ြ့ပည်က အားလုံးသိကြတဲ့အတိုင်း စီးပွား ရေး၊ လူမှုရေး၊ ပညာရေးတွေမှာရော အဘက်ဘက်မှာ နိမ့်ကျနေပါတယ်။ ဒါကြောင်း ကိုယ့်ပြည်နယ်ကို အရင် တိုးတက်ခဲ့သလို ကျွန်တော့်အနေနဲ့ တိုးတက်စေချင်ပါတယ်။ အဲဒီလို တိုးတက်ဖို့အတွက်လည်း ပညာတတ်လူငယ်တွေ ပညာရည်မြင့်မားပြီး အသိပညာရှင်တွေဖြစ်လာဖို့ လိုပါမယ်။ ကျွန်တော်က အဲလိုမျိုး ရည်မှန်းထားပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”

သို့အတွက် ရန်ကုန်နှင့် ရခိုင်မှာရှိသော လုပ်ငန်းရှင်များသာမက နိုင်ငံရပ်ခြားသော ရောက်နေကြသော ရခိုင် အမျိုးသားများ အနေဖြင့်လည်း သဟာယစိတ်ဓါတ် အပြည့်အဝဖြင့် ရခိုင်သဟာယ အသင်းနှင့် ပူးပေါင်းပြီး တနိုင်တပိုင် လုပ်ကိုင်ကြရန် လိုအပ်သည်ဟု သူက ဆိုသည်။

ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် စတင်ပြီး နေ့လယ် ၁ နာရီတွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ သဟာယအသင်း နာယကကြီး ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း  ဒေါက်တာ ကျော်သိန်း၊ ယခုလက်ရှိ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်း ဥက္ကဌလည်းဖြစ်-  NBC  ဥက္ကဌဖြစ်သော ပုဏ္ဍားကျွန်း ဇာတိ ဦးသိန်းဦး၊ RNDP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အစိုးရပိုင်းမှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။

ယခုုပြုလုပ်သော ရခိုင်ပညာသင် ထောက်ပံ့ကြေးဆုချီးမြှင့်ပွဲသည် အခမ်းအနားဖြင့် ချီးမြှင့်သည့် (၁၀) ကြိမ်မြောက် ပွဲ ဖြစ်သည်။

ရခိုင်သဟာယ အသင်း (ရန်ကုန်)ကို  ၁၉၈၁ ခုနှစ်က တည်ထောင်ခဲ့ပြီး  ၃၂ နှစ်ကာလ အတွင်း ရခိုင်သဟာယ ပညာသင် ထောက်ပံ့ကြေးယူပြီး ကျောင်းပြီးသွားသော တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ စုစုပေါင်းက ၄၀၀ နီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် ဆရာဝန်များနှင့် အင်ဂျင်နီယာများလည်း ပါ၀င်သည်။

Most read this week