အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့သည်၊ ယနေ့ နံက် (၁၀) နာရီ အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၁၂) တပ်ဖွဲ့အား ဆက်လက် တိုက်ခိုက် ခဲ့သည်ဟု TNLA ပြောခွင့်ရ (၁၁၂) တပ်ရင်းမှူး တာဝိန်မာန်က ဆိုပါသည်။
“ ၂၅ ရက်နေ့ည (၆) နာရီ ကလည်း ဖြစ်တယ်။ ဒီနေ့ မနက်မှာလည်း ထပ်ဖြစ်တယ် အဲဒီ တပ်ပါဘဲ။ အင်အား (၉၀) ခန့်ရှိ လိမ့်မယ်။ နေရာကတော့ ကွတ်ခိုင် မြို့နယ်က ကန်ပါဖို ကျေးရွာနားမှာဘဲ ဖြစ်တယ်။ ဟိုနေ့တုန်းက ဖြစ်တာ နည်းနည်းနာ သွားပုံရတယ်။ အဲဒါ ပြန်လာပြီးတော့ မကြေပွဲ ပြန်ချတယ်လို့ ထင်ရပါတယ်။ သူတို့ စစ်တပ် ထုံးစံက အထိနာရင် အရင်းပြန်လိုက်ရတဲ့ စရိုက် ရှိနေလို့ပါ” ဟု ဆိုပါသည်။
TNLA တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းအတွက် ကွတ်ခိုင်မြို့နယ် ကန်ပါဖို ကျေးရွာ ဖက်သို့ စည်းရုံးရေး ဆင်းနေသည့် အချိန် ဖြစ်ပါသည်။ ဤကဲ့သို့ နယ်လှည့် ကွင်းဆင်းနေသဖြင့် ကွမ်လုံ အခြေစိုက် ခလရ (၁၄၅) မှ အင် အား (၅၀) ကျော်နှင့် ပန်ဆေး အင်အား (၄၀) ခန့်တို့သည် ၄င်းတို့၏ ဘိန်းခင်း လုံခြုံရေး အတွက် TNLA အား တိုက်ခိုက် ခြင်းဖြစ်သည်ဟု တအာင်း ဖက်က ဆိုပါသည်။
ပန်ဆေး ပြည်သူ့ စစ်များသည် လွှတ်တော် အမတ် ပန်ဆေး ဦးကျော်မြင့်၏ တပ်ဖွဲ့များ ဖြစ်ပြီး ဘိန်းစိုက်ပျိုး ထားမှုကို လုံခြုံရေး ယူထား ရသော တပ်ဖွဲ့များဖြစ်သည်။ ၄င်းတို့သည် အစိုးရ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဘိန်းတိုက်ဖျက်ရေးအတွက် လှုပ်ရှားလာသော TNLA တပ်များအား လိုက်လံ တိုက်ခိုက်လေ့ ရှိသည်ဟု ဆိုပါသည်။
ယခုတိုက်ပွဲသည် တနာရီကျော် ကြာခဲ့ပြီး၊ အစိုးရဖက်မှ အထိနာ သဖြင့် နောက်ဆုတ် သွားခဲ့ရသည်ဟု ဆိုပါသည်။ ဤတိုက်ပွဲ၌ အသေအချာ နေရာ ယူထားသော TNLA တပ်ဖွဲ့ကို အစိုးရ တပ်များက အတင်း ၀င်ရောက် တိုက်ခိုက် ရသဖြင့် ထိခိုက်မှု များဖွယ် ရှိသည်ဟု ဆိုပါသည်။
ဤအချိန်ကာလသည် TNLA တို့၏ ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းတိုက်ဖျက်ရေး စီမံကိန်း အတွက် စည်းရုံးရေး ဆင်းနေသည့် အချိန်လည်း ဖြစ်ပါသည်။ အလားတူ လာမည့် ဇူလိုင် (၃၁) ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ပြည်နယ် အဆင့်နှင့် မူဆယ်မြို့၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးရန်လည်း ရှိနေပါသည်။
ယင်းဆွေးနွေးပွဲတွင် TNLA ဖက်မှ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဦးဆောင်ပြီး ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးတာခူလန်၊ ဗိုလ်မှူး တာရောခြိုး၊ ဗိုလ်မှူး တာအောင်မြတ် အပါအဝင် ကိုယ်စားလှယ် (၉) ဦး တက်ရောက်မည် ဖြစ်သည်။ အစိုးရ ကိုယ်စားလှယ်များမှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး အပါအဝင် ကိုယ်စားလှယ် (၁၃) ဦး တက်ရောက် ကြမည် ဖြစ်သည်။