ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ အစိုးရ ပြည်နယ် အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် နှစ် ကြိမ်တိုင် တရားဝင် ဆွေးနွေး ခဲ့ပါသည်။
သဘော တူညီချက်များမှာ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲတွင် မူလက သဘော တူထားသော အချက် (၁၄) ချက်ကို (၈) ချက် ချုပ်ပြီး ထပ်မံ သဘော တူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအထဲတွင် တပ်နေရာ ချထားရေး ကိုလည်း ယနေ့ အထိ သဘော တူညီချက် မရသေးဟု ဆိုပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/411-2013-06-20-13-24-48.html
ဤသို့ကြောင့် KNPP ၏ နောက်ဆုံး အခြေအနေကို သိရှိနိုင်ရန် ဒုတိယ ဥက္ကဌ ခူဦးရယ်နှင့် ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
“ အပစ်အခတ် ရပ်စဲစဉ် သဘော တူညီချက်အရ အတူ ညှိနှိုင်းဆောင်ရွက်မယ် ဆိုတာ ပြောထားပေမယ့်လည်း တကယ့် တကယ် မှာကျတော့ အစိုးရဘက်က ဘာမှ ညှိနှိုင်း ဆောင်ရွက်မှု တွေကို မလုပ်ခဲ့ပါဘူး။ KNPP နယ်မြေ ထဲမှာလည်း စစ်ကြောင်း တွေက တကယ် ရှိနေတယ်၊ သုံးလ တကြိမ် တပ်အရွေ့အပြောင်းတော့ လုပ်နေတယ်၊ သူတို့ လက်နက်တွေ ပစ္စည်းတွေကို သူ့ ဟာနဲ့သူ သယ်နေကြတာပဲ။ သူတို့ တပ်ချိန်းတာလား ဘာလားတော့ မပြောတတ်ဘူး။ တွေ့နေရတာ ပါဘဲ။
မေး။ ။ အဲဒီလို ဖြစ်ရှိနေတဲ့ အပေါ်မှာ ဆရာတို့က ဘယ်လို သဘော ထားပါသလဲ။
“ ကျနော်တို့ ဘက်က စစ်ရေး လှုပ်ရှားမှု အခြေအနေ မြင့်လာခဲ့ရင်တော့ ရရှိထားတဲ့ သဘော တူချက် အခြေအနေ ကလည်း ပြောင်းလဲ သွားနိုင်ပါတယ်၊ သူတို့ဘက်က မရိုးသားဘူးလို့ လက္ခာဏာ ပြလာရင်တော့ သူတို့ဘက်က ပျက်ကွက်တာ ဘဲလို့ ယူဆပါတယ်။ ကျနော်တို့ ဘက်ကတော့ တစ်ခုမှ မပျက်ကွက်ခဲ့ပါဘူး။ ကျနော်တို့က ဖြစ်လာတဲ့ အခြေနေပေါ်မှာ ရင်ဆိုင် သွားမှာပါ။
ဒါပေမယ့် ဒီလိုဘဲ ဖြစ်လာ လိမ့်မယ်လို့ ကြိုတင် တွက်ဆပြီးသားပါ။ ဒါကြောင့် ကျနော်တို့ ဘက်ကတော့ နိုင်ငံရေးအရ စစ်ရေး အရတော့ ပြင်ဆင်ထားရမယ် ဆိုတာ သိထားပြီးသားပါ။ ဖြစ်လာနိုင်တဲ့ အခြေအနေ အပေါ်မှာဘဲ မီးစင်ကြည့်ပြီး ကပြရမှာ ဘဲဖြစ်တယ်။
မေး။ ။ သဘော တူချက်အတိုင်း အကောင်အထည် မဖေါ်ရင် အစိုးရဖက်က လက်ရှိ အနေအထားမှာ ဘာတွေ လုပ်နေတာလဲ။
“ အစိုးရက လမ်းပြင်တာ လမ်းသစ် ဖောက်တာ လုပ်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့ဖက်က တားမြစ်တာ မရှိပါဘူး၊တ ချို့စီမံကိန်းတွေက ညှိနှိုင်းပြီးမှ ပူးပေါင်း လုပ်ဆောင်ရမယ် ဆိုတာမျိုး ရှိနေပါတယ်။ အဲဒါတွေလည်း သူတို့က သဘောတူ ညီချက်တွေကို မကြည့်ဘဲနဲ့ သူတို့ လုပ်သွားတာတွေလည်း ရှိနေပါတယ်။
သဘော တူညီချက် အရတော့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ တားမြစ်ထားတာ ရှိတယ်။ ဒါလည်း သူတို့ဖက်က ကျူးလွန်နေ တာရှိတယ်။
မေး။ ။ အစိုးရဖက်က ပြောနေတယ်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို KNPP ဘက်က မဖွင့်ပေးဘူးလို့ ပြောနေတယ် ။ အဲဒီ အခြေအနေပေါ်မှာ ဘယ်လို ရှိပါသလဲ။
“ အဲဒါဟာ အဓိကပြသနာပါ၊ကျနော်တို့ ပိတ်ထားတာ မရှိပါဘူး။ ဖွင့်မယ် ဆိုရင်လည်း ညှိနှိုင်းပြီးမှ ဖွင့်ကြတာပေါ့။ ကျနော်တို့ အနေနဲ့ ပြည်နယ်အစိုးရနဲ့ညှိနှိုင်း ဆောင်ရွက်ရမှာ ကိုက ပြသနာဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်တဲ့ နေရာမှာ ပြေလည်မှု တချို့ရှိပါတယ်။ ကျနော်တို့ ဘက်က အခြေခံ အလုပ်တွေပဲ ဖြစ်ဖြစ်၊ ဘာပဲ လုပ်လုပ်ပေါ့ ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ဖို့အတွက် ပြည်နယ် အစိုးရကို အမြဲတမ်း ကမ်းလှမ်းပါ တယ်။ ကမ်းလှမ်းမှုကို မကြိုဆိုတာ သူတို့ အပိုင်းဖြစ်ပါတယ်။ ကျနော်တို့ဘက်က တာဝန်ကျေပါတယ်။ အဲဒါတွေ အားလုံးကြောင့် ဒီအခြေအနေ ဖြစ်လာတယ်။
ဒါပေမဲ့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ဖို့အတွက် တခုမှ တရားဝင်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဖွင့်ဖို့အတွက်တော့ အစီအစဉ် ရှိပါတယ်။
အစိုးရ ဖက်ကလည်း နှစ်ခွပေါ်လစီ သုံးနိုင်ပါတယ်။ ဗဟိုနဲ့ ညှိနှိုင်းထားတဲ့ ကိစ္စ ပြည်နယ်က လက်မတွဲဘူးဆိုတဲ့ အနေအထား ဖြစ်နေတော့၊ ဒါဟာ ပေါ်လစီဘဲ လို့မြင်ပါတယ်။
နယ်စပ် လမ်းကြောင်းက အရေးကြီးတဲ့ အတွက် ကျနော်တို့က မယ်စဲ (ခေါ်) မိုင်းလုံးကြီး ဒေသ ဘီပီ (၁၃) လမ်းကြောင်းနှင့် ရှားတောမြို့နယ် ဘီပီ (၉) လမ်းကြောင်းနှစ်ခု ရှိတယ်။ အဲဒါတွေ အကောင်အထည် ဖေါ်ဖို့ ကျနော်တို့ လိုချင်ပါတယ်။
ဒီကိစ္စဟာလည်း မြန်မာအစိုးရနဲ့ထိုင်းအစိုးရတို့ ညှိနှိုင်းသွားရမှာ ဖြစ်တဲ့အတွက် အချိန်ယူရမယ် သူတို့ ညှိနှိုင်းလို့ပြေလည် သွားရင် ဒီနှစ်ထဲမှာ မယ်စဲလမ်းကြောင်းကို တရားဝင် ဖွင့်နိုင်ဖို့ များတယ်။ ဒါပေမဲ့ ဘယ်အချိန် ဖြစ်မလဲ ဆိုတာ မသေချာလှ ပါဘူး။ ရှားတော ဘက်ကတော့ လမ်းအခြေအနေ အရ ကုန်ကျစရိတ် များတဲ့အတွက် မဖြစ်နိုင်သေးပါဘူး။
ဖွင့်ဖြစ်မယ် ဆိုရင်လည်း KNPP ရဲ့တပ်နေရာ ထိခိုက်နိုင်စရာ အကြောင်းမရှိဘူးလို မြင်တယ်။ ကျနော်တို့ကိုယ်တိုင်က နယ်စပ် ကုန်သွယ်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လေ၊ ကျနော်တို့ ကလည်း ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေ ထိခိုက်နိုင်တယ် ဆိုတဲ့ စဉ်စားချက်ထက် ပြည်နယ်ဖွ့ံဖြိုးရေး ရှု့ထောင့်ကနေပဲ စဉ်းစားပါတယ်။ ဒါကြောင့် လုံခြံုရေးအရ ပြောစရာ အကြောင်း မရှိပါဘူး။ အခုတော့ ကယားပြည်နယ် မယ်စဲ (ခေါ်) မိုင်းလုံးကြီး ဒေသဘီပီ (၁၃) လမ်းကြောင်းကို ဖွင့်ဖို့အတွက် လမ်းပြင်ဖို့ဆင်ဖို့စဉ်းစားကြတယ်။
ရှားတောဘက်ဘီပီ (၉)အခြေအနေက စဉ်းစား ထားချက် ရှိပေမဲ့ အခြေအနေ မပေးသေးဘူး။ နောက်နှစ်မှ ဖြစ်နိုင်မယ် ထင်တာပဲ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်နိုင်တယ်ထားဦး၊ အဲဒီက အလုပ်မဖြစ်လာရင်လည်း ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာ ဖြစ်သွားနိုင်ပါတယ်။ လုပ်နိုင်ရင်တော့ မယ်စဲနှင့် ရှားတော့ လမ်းကြောင်းနှစ်ကြောင်းစလုံး လုပ်ဖြစ်ရင်ကောင်း တာပေါ့ရှားတောက လမ်းကြမ်းတယ်။ မယ်စဲက ပြုပြင်ရင်တော့ အလုပ်ဖြစ်ဖို့ ပိုုုုများပါတယ်။
ရှားတောဘက် ဖွင့်ဖြင့်ရင် ကျနော်တို့ တပ်ဖွဲ့နေရာကို ထိခိုက်နိုင်ပေမဲ့ အကောင်းဘက်ကိုဘဲ ကြည့်ပြီး လုပ်ဆောင်ရမှာပါ။ အစိုးရဘက်ကတော့ နယ်စပ် လုံခြံုရေးကြောင့် စစ်တပ်တိုးချဲ့လာတယ် ဆိုတာ တချိန်လုံးပြောနေတာပဲ နယ်စပ် လုံခြံုရေးက သူတို့ချည်းပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ စစ်ရေး အမြင်နဲ့တွက်ချက်ရင် ဒါက စဉ်းစားစရာတွေပေါ့။ အမှန်က အခုလို အပစ်အခတ် ရပ်စဲရေး လုပ်တဲ့ အချိန်မှာ အစိုးရဘက်က တပ်တိုးချဲ့လာတာက မဖြစ်သင့် မလုပ်သင့်တဲ့ အရာပါ။ လိုအပ်ချက် အရဖြစ် လာရင်လည်း ဒါကနှစ်ဦးနှစ်ဖက် ညှိနှိုင်းသင့်တာပေါ့ဟု ဆိုပါသည်။
မေး။ ။ အစိုးရနဲ့ သဘော တူထားတဲ့ သဘော တူညီချက်တွေထဲက KNPP နဲ့ မညှိနှိုင်းဘဲ ဘာတွေလုပ်ခဲ့တာရှိပါလဲ။
“ KNPP ကိုအသိမပေးဘဲ အစိုးရဘက်က လုပ်သွားတာမျိုးလဲ ရှိပါတယ်။ ကျနော်ပြောချင်တာက ကျနော်တို့က တိုင်းရင်းသားတွေပါ ငြိမ်းချမ်းရေးကို တကယ် လိုချင်တယ်။ အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တခုခုဖြစ်လာခဲ့ရင် ကျနော်တို့ ဘက်က မှားယွင်းတာမျိုး မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် ထိန်းခဲ့ပါတယ်။
အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေဟာ အကောင်အထည်ဖော်ဖို့ ဆိုတာကိုက အခက်ခဲဖြစ်နေတာပါ။
မေး။ ။ အစိုးရနဲ့ အမြဲတွေ့ဆုံ ဆွေးနွေးနေဖို့ အတွက် KNPP ဖက်က ဘာတွေ ပြင်ဆင်ထားပါသလဲ။
“ ကျနော်တို့ဘက်က လုပ်ငန်းကို အကောင်ထည်ဖော်သွားဖို့အတွက် ယာယီနည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) ကို ယာယီ ဖွဲ့ထားတာ ရှိပါတယ်။ ဒီကနေတဆင့် ခိုင်မာတဲ့ အဆင့့်ကို သွားမှာပါ။ ခိုင်မာသွားပြီးဆိုရင် ဆက်လက် တိုးချဲ့သင့်ရင် တိုးချဲ့သွားမှာပါ။ ကျနော်တို့ရဲ့ (Technical Team) မှာတော့ KNPP အဖွဲ့ဝင် တချို့ရယ်၊ ကျောင်းပြီးသွားတဲ့ လူငယ် တချို့နဲ့ ဖွဲ့ထားတဲ့ ကိုယ်စားလှယ် ၄ ဦး ရှိပါတယ်။
မေး။ ။ ဒါဆိုKNPP အနေနဲ့ ရှေ့ဆက် ဘာတွေ ဆက်လုပ်သွားမှာပါလဲ။
“ ဟုတ်တယ်။ အဲဒီအတွက် ဇူလို်င် ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ပြုလုပ်တဲ့ KNPP အီးစီ အစည်းဝေးမှာတော့ အခု အစိုးရကပြောနေတဲ့ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဖော်ဆောင်မယ် ဆိုတဲ့ အစည်းအဝေးကို သွားဖြစ်မယ်ဆိုရင် ဘယ်သူတွေ သွားကြမယ်။ ပြီးတော့ အစိုးရနဲ့အပစ်အခတ် ရပ်စဲထားပြီးတဲ့ သဘောတူညီချက်တွေ တစ်ချက်ချင်းစီကို သုံးသပ်ပြီး ဘယ်လို လုပ်ဆောင်သွားမလဲ ဆိုတာကို ဆွေးနွေးတယ် ။ ချုပ်လိုက်ရင်တော့ လက်ရှိ အနေအထားအရ ဆိုရင် ဆက် လက် ညှိနှိုင်းဆောင်ရွက် သွားရန်ပဲ အဖြေထွက်ပါတယ်။ ဒါအပြင် အရေးကြီးတာက လက်ရှိလေပြေ အနေအထားမှာ KNPP အဖွဲ့ရပ်တည်ဖို့နဲ့ ရေရှည်တည်ရှိဖို့အခြေနေတွေကို အဓိက ဆွေးနွေးကြပါတယ်။
နယ်စပ်လုံခြံုရေး ကိစ္စကိုလည်း နှစ်ဖက် တပ်ဖွဲ့မှာ ဘယ်လို တပ်ဖွဲ့မျိုးတွေ ချပြီး ဘယ်လို အခြေနေမျိုးနဲ့နေ ထိုင်သွားရမလဲ ဆိုတာကိုလည်း ဆွေးနွေး ထားပါတယ်။”
ဤသည် KNPP နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး သဘော တူပြီးနောက်ပိုင်း ဖြစ်ရှိနေသော အခြေအနေများ ဖြစ်ပါ သည်။ ဤကဲ့သို့ပင် KNPP နည်းတူ အခြား အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များကိုလည်း ဆက်သွယ်မေးမြန်း သွားမည်ဖြစ်ပါသည်။