ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အတွက် ဗဟိုဦးစီးစနစ် လျှော့ချရေး ရှမ်းပြည်နယ်တွင် ဆွေးနွေး

ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အတွက် ဗဟိုဦးစီးစနစ် လျှော့ချရေး ရှမ်းပြည်နယ်တွင် ဆွေးနွေး
by -
မဇ္ဈိမ

ပြည်နယ်အစိုးရအနေဖြင့် လုပ်ပိုင်ခွင့် နည်းနေပြီး ဗဟိုဦးစီးစနစ်မှ ဆောင်ရွက်နေခြင်းများကို လျှော့ချရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Burma Centrum Nederland အဖွဲ့နှင့် ကျားဖြူပါတီတို့ ရှမ်းပြည်နယ်တွင် ပူးပေါင်း ဆွေးနွေးခဲ့ကြသည်။

Burma Centrum Nederland သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်ပြီးဆောင်ရွက်နေသော လူမှုအဖွဲ့အစည်း တစ်ခုဖြစ် သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို အနာဂတ် ရှမ်းတိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဗဟိုဦးစီးစနစ် လျော့ချရေး ရည်ရွယ်ချက်တို့ဖြင့် အဓိက ဆွေးနွေးခြင်း ဖြစ်ပြီး ဇူလိုင် ၂၄ ရက်က ရှမ်း ပြည်နယ် တောင်ကြီးမြို့၊ မြို့မရပ်ရှိ ကျားဖြူ ပါတီရုံးတွင် ဆွေးနွေးခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တိုင်းရင်းသားလူမျိုးစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများ အားလုံးပါ၀င်သည်။ ဆွေးနွေးပွဲနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က “ရှမ်းပြည်နယ်အစိုးရအနေနဲ့လည်း ဘာမှလုပ်ပိုင်ခွင့်မရရှိသေးဘဲ ဗဟိုဦးစီးစနစ်ကနေ ဆောင်ရွက်နေတာတွေ ဒါတွေကို ဘယ်လို ချေဖျက်နိုင်မလည်း ဆိုတာတွေ၊  ဗဟိုဦးစီး စနစ် လျှော့ချရေးအတွက် ဆွေးနွေးသွားကြမှာပါ”ဟု ပြောသည်။

ပူးပေါင်းကျင်းပသည့် Burma Centrum Nederland မှ အဖွဲ့ဝင် Saskia က “ဆွေးနွေးပွဲကနေပြီးတော့ လုပ်ဆောင်နိုင်မယ့် အစီအစဉ်တွေ ချမှတ်ပြီးတော့ လုပ်ဆောင်နိုင် မယ်လို့ မျှော်လင့်ပါတယ်။ သည် ဆွေးနွေးပွဲရလဒ်တွေကို အခြေခံပြီးတော့လည်း ရေတို၊ ရေရှည် လုပ်ဆောင်ဖို့ အစီအစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ယင်းသို့ ဆွေးနွေးရာတွင် ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း လုပ်ဆောင်သွားမည်များ ကိုလည်းဆွေးနွေးသည်။ ဦးစဝ်ယွန်းပိုင်က “ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပွဲရလဒ်တွေကို အခြေခံပြီးတော့ လွှတ်တော်၊ နိုင်ငံတော် သမ္မတ၊ ငြိမ်းချမ်းရေး ဖော်ဆာင်မှုအဖွဲ့ အစရှိတဲ့ နေရာတွေကို တင်ပြသွားမယ်”ဟု ဆိုသည်။

ဆွေးနွေးပွဲကို ဂျူလိုင် ၂၇ အထိ သုံးရက် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုအစိုးရ ဦးစီးချုပ်ကိုင်မှု အယူအဆများ၊ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့် အချက်များ၊ ရှမ်းပြည်နယ်အတွင်း မျက်မှောက်နိုင်ငံရေး နှင့် ပတ်သက်သည့် အချက်များအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်သင့်သည့်အချက်များ ကိုလည်း ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က “တစ်ပါတီအာဏာရှင်စနစ် ကြီးဟာ ပြီးဆုံးသွားပါပြီ၊ တိုင်းရင်းသားတွေ အနေနဲ့က လည်း ပါတီကို မကြောက်ကြဘဲ ပါတီကိုအားပေးကြ ပါ။ အနာဂတ် ရှမ်းပြည်တိုးတက်ရေးဆိုတော့ အတိတ်မှာ ဖြစ်ခဲ့တာတွေ၊ ပစ္စုပ္ပန်မှာ ဖြစ်နေတာတွေ အားလုံးကို သုံးသပ်ပြီးတော့ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာအောင် တိုးတက်လာအောင်၊ ရှမ်းတောင်မှာရှိတဲ့ တိုင်းရင်းသားတွေက အလုပ်ရုံဆွေးနွေးပွဲကနေတစ်ဆင့် အနာဂတ်ဖက်ဒရယ်ပြည် ထောင်စုကြီးရဲ့ အား ဖြစ်လာမယ်လို့ ယုံကြည်ပါတယ် ” ဟု ပြော သည်။

ယင်းကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလအတွင်း မွန်ပြည်နယ်တွင် ထပ်မံလုပ်ဆောင်သွား မည်ဖြစ်သည်။

Most read this week