စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂ ခု မှ လက်အောက်ခံ အင်အား (၁၀၀၀) ခန့် ရှိ အစိုးရ တပ်များ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဗဟို ဌာနချုပ် ဖြစ်သော ၀မ့်ဟိုင်း ဒေသသို့ အင်အား တိုးဖြည့်ကာ မျက်နှာချင်းဆိုင်တပ်ချထား ပြန်သည်ဟု SSPP ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး နောလိဗ်မှ ဆိုပါသည်။
“ ထပ်မံ ဆိုင်ထားတဲ့ တပ်တွေက စကခ ၁၇ နဲ့ စကခ ၂ လက်အောက်ခံ အင်အားတွေ ဖြစ်တယ်။ ဒီလိုပဲ တပ်အင်အား တွေနဲ့ ထိပ်တိုက် ဆိုင်ထားမယ် ဆိုရင်တော့ ယုံကြည်မှု တည်ဆောက်ဖို့ အခက်အခဲ ဖြစ်နေပါပြီ၊ ဦးသိန်းဇော် လာပြောတာ တမျိုး၊ ဖြစ်နေတာက တဖုံ၊ ဒီလိုနည်းနဲ့ ဖိအား ပေးပြီးမှ တပြည်လုံး လက်မှတ် ထိုးဖို့ ခိုင်းမယ် ဆိုရင်တော့ မဖြစ်နိုင်ပါဘူး” ဟု ဆိုပါသည်။
SSPP ၏ ၀မ်ဟိုင်း ဌာနချုပ်သည် ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူး၊ မိုင်းရယ်နှင့် ကျေးသီး မြို့နယ် အကြား၌ တည်ရှိ ပါသည်။ အစိုးရသည် ဤဒေသသို့ ၂၀၁၁ ခုနှစ် ကတည်းက တဖြည်းဖြည်း အင်းအား တိုးချဲ့ လာရာက ယခု အင်အား (၃၀၀၀) ခန့် ရှိပြီ ဖြစ်ကြောင်း ဆိုပါသည်။ ယခု ထပ်မံ ဆိုင်ထား ခဲ့သော တပ်များသည် ရှမ်းပြည် တောင်ပိုင်း မိုင်းပန် အခြေစိုက် စကခ (၁၇) နှင့် ရှမ်းပြည် တောင်ပိုင်း မိုင်းနောင်အခြေစိုက် စကခ (၂) တို့မှ ထုတ်နှုတ် ထားသော အင်အား ဖြစ်ကြောင်း ဗိုလ်မှူး နောလိဗ်မှ ဆိုပါသည်။
တိုးချဲ့ ချထား လာသော တပ်အင်အား များသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်တွင် SSPP နှင့် ဦးသိန်းဇော် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံပွဲ ပြီးသည့် နောက်ပိုင်းမှာမှ ထပ်မံ တိုးချဲ့ လာသော တပ်အင်အား များပင် ဖြစ်သည်ဟု ဆိုပါသည်။
ယင်းလားရှိုးမြို့အလွတ်သဘော တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ဦးသိန်းဇော်က နိုင်ငံတော် သမ္မတ အနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ခေါ်ပြီးတွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း၊ ယင်းဆွေးနွေးပွဲတွင် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ကိစ္စ လက်မှတ် ထိုးကြမည် ဖြစ်ကြောင်းပြော ဆိုသွားပါသည်။ SSPP အဖွဲ့အနေဖြင့် ယင်းဆွေးနွေးပွဲသို့ တက်ရောက် နိုင်ရေးကို ပြင်ဆင် ထားကြရန်နှင့် တင်ပြစရာ ရှိပါက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် မှာကြား ခဲ့သည်ဟု ဗိုလ်မှူး နော်လိဗ်က ဆိုပါသည်။
“ ပြီးခဲ့တဲ့ ကာလ တွေတုန်းက တခြားမှာ ရှိတဲ့ ကျွန်တော်တို့ တပ်စခန်း တွေကို တက်တိုက်တယ်။ နေရာ ယူထားပြီးတော့ ပြန်မဆုတ်တော့ဘူး။ ပြီးတော့ စစ်အင်အားနဲ့ ဆိုင်ပြီး ထားခဲ့တယ်။ အဲဒီတော့ အခု ဖြစ်နေတာက အပစ်မရပ် ခင်နဲ့ စာရင် အပစ်ရပ်ပြီး နောက်ပိုင်းမှာမှ အစိုးရဘက်က စစ်အင်အားတွေ များစွာ တိုးချ ထားခဲ့တယ် ဆိုတာ ထင်ရှား နေတယ်” ဟု ဆိုပါသည်။
ထို့အပြင် အစိုးရသည် SSPP နှင့် လတ်တလော ဖြေရှင်းရန် ရှိသော ကိစ္စများကို လျစ်လျူရှု ထားကြောင်း၊ အစိုးရတပ် ဖွဲ့၏ စစ်ဆင် တိုက်ခိုက် နေမှု ကိစ္စများ၊ SSPP အပေါ် ရာဇသံ ပေးနေသည့် ကိစ္စ နှင့် တာ့ဆမ်ပူး စခန်း ဆုတ်ခွာရေး ကိစ္စများ ထည့်သွင်း ပြောဆိုဆွေးနွေးခြင်း မရှိခဲ့့ ဟု SSPP ကဆိုပါသည်။ ဤသို့ကြောင့် အစိုးရသည် ဒေသဖွံ့ဖြို့ရေး အစီအစဉ် အချို့ ကိုသာ ဆွေးနွေးပြပြီး စစ်ရေး ပဋိပက္ခ ပြသနာကိုမူ ထည့်သွင်း ဖြေရှင်းမှု မရှိသည်ကို ကြည့်ခြင်း အားဖြင့် ဆက်လက် တိုက်ခိုက်သွားရန် မှာ သေချာ လှကြောင်း လည်း SSPP က ဆိုပါသည်။
SSPP ကမူ အစိုးရဖက်မှ တောင်းဆို ထားသော တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ တက်ရောက်ရေးသည် UNFC ၏ လာမည့် ဇူလိုင် (၂၈-၃၁) တွင် ကျင်းပသော တနိုင်ငံလုံး အတိုင်း အတာ ဆောင်သည့် တိုင်းရင်းသား ညီလာခံ၏ သဘောထား အတိုင်းသာ ခံယူသွားရန် ရှိကြောင်း ဆိုပါသည်။
မည်သို့ပင် ဆိုစေ SSPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ကတည်းက အပစ်အခတ် ရပ်စဲ ထားသော်လည်း အစိုးရက နှစ်ဖက်တပ်များ နေရာ ချထားရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ရေးကိုလည်း မဖြေရှင်းပေးသဖြင့် ယနေ့တိုင် အကြိမ်ပေါင်း (၁၂၀) ခန့်တိုက်ပွဲမျာဆင်နွဲနေရသေးသည်ဟုလည်းသိရပါ သည်။