တောင်ကွဲစေတီသို့ ညအိပ်ညတာ ဘုရားဖူးလာကြသူများ တည်းခိုစရာနေရာ အခမဲ့ဆောင်ရွက်

တောင်ကွဲစေတီသို့ ညအိပ်ညတာ ဘုရားဖူးလာကြသူများ တည်းခိုစရာနေရာ အခမဲ့ဆောင်ရွက်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) သို့  ရပ်ဝေးမှ ညအိပ်ညတာ ဘုရားဖူးလာကြသူများ တည်းခိုစရာနေရာ အခမဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ဂေါပကအဖွဲ့ချုပ် ဥက္ကဌ ဦးစိုင်းခိုင်းဝင်က ပြောပါတယ်။

“ခရီးသည်တွေကိုတော့ ကျနော်တို့ ဟိုဟာ သူတို့က ညအိပ်ညနေ သူတ်ို့က လာတည်းမယ် ဆိုလို့ရှိရင် ကျနော်တို့က ငွေကြေး မယူဘူး အခမဲ့  ဒီမှာဓမ္မာရုံ နှစ်ရုံရှိတယ်" လို့ ပြောပါတယ်။

ရပ်ဝေးမှ လာရောက်ကြသူများအတွက် တည်းခိုစရာ အမျိုးသားဓမ္မရုံတခုနှင့် အမျိုးသမီးဓမ္မရုံတခု ဆောက်လုပ် ထားရှိပြီး ရေ၊ မီးအခမဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဘုရားဖူးလာကြတဲ့ သူများမှာ တနှစ်လျှင် ခန့်မှန်းခြေ လူဦးရေ နှစ်ထောင်ရှိပြီး ယခုနှစ်တွင် ပိုမိုစည်ကား လာတာနှင့်အမျှ ပိုမိုအဆင်ပြေလွယ်ကူစေရန် ညအိပ်ညတာ တည်းခိုဖို့အတွက်ပါ ဆောင်ရွက်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။  

ကယားပြည်နယ်၏ ကျက်သရေဆောင် သီရိမင်္ဂလာတောင်တော်သည် တောင်ကွဲစေတီဟုလူသိများကြ တာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ဘာသာပေါင်းစုံတွေက လာရောက် လည်ပတ်ကြတာ ဖြစ်ပါတယ်။  

ယခုလို နိုင်ငံရေး ပွင့်လင်းခါစအချိန်မှာတော့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ကချင်ပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ်တို့ဘက်မှ ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားခရီးသွားဧည့်သည်တို့က ယခင်နှစ်တွေ ကထက် လာရောက်လေ့လာဖူးမျှော်သူ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

အမြင့်ပေ (၁၈၇) ပေရှိ တောင်ကွဲစေတီကို ကျောက်တောင် ကျောက်ဆွယ် တောင်ထွဋ်ကြီး (၉) ခုဖြင့် သဘာဝအနေ အထားအတိုင်း ဖူးမျှော်တွေ့ရှိရမှာ ဖြစ်ပါတယ်။

Most read this week