TNLA နှင့်အစိုးရတပ်ဖွဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်

TNLA နှင့်အစိုးရတပ်ဖွဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်
by -
ရွှေဟင်္သာ

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရခမရ (၅၀၆) တပ်ဖွဲ့တို့ ယမာန်နေ့ ညနေ (၅)နာရီခွဲတွင် တ နာရီခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကြောင်းTNLA ၏ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကဆိုပါသည်။

“ ဖြစ်တာက မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကျနော်တို့ (၁၀၁)တပ်ရင်းအဖွဲ့နဲ့ဖြစ်တယ်။ သူတို့က အင်အား (၁၀၀)ကျော်မယ်။ ကျနော်တို့စခန်းကို တိုက်ဖို့ တက်လာတာကို ကြိုသိထားတော့ သွားစောင့်နေလိုက် ပါ တယ်။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေမှာပေါ့။ သေသေချာချာနေရာယူပြီး တနာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက်တော့ အထိနာပြီးပြန်ဆုတ်သွားပါတယ်။” ဟု ဆိုပါသည်။  

ယင်းတိုက်ပွဲ၌ အစိုးရဖက်မှ (၃)ဦး ကျဆုံးပြီး (၆)ဦးဒါဏ်ရာရရှိသည်ဟု တာဘုန်းကျော်က ဆိုပါသည်။ အစိုးရခမရ (၅၀၆) တပ်ရင်းသည် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့အခြေစိုက်တပ်ရင်းဖြစ်ပြီး ၄င်းတို့ရှေ့တန်းစခန်းများအား TNLA တို့၏ အမှတ်(၁၀၁) စခန်းနှင့် နာရီဝက်အကြာခရီးတွင် တပ်စွဲထားပါသည်။

အစိုးရတပ်ဖွဲ့များသည် TNLA တပ်ရင်းရှိရာ နေရာတိုင်းတွင် ရှေ့တန်းစခန်းအဖြစ် မနီးမဝေးသော ခရီးအကွာအဝေး တွင်နေရာယူတပ်စွဲထားကြပါသည်။ ၄င်းတို့သည် TNLA ရှိသော နေရာများကို မှန်းပြီး နေ့စဉ်ဆိုသလို မကြာခဏ လက်နက်ကြီးများဖြင့် လှမ်းပြီးပစ်ခတ်လေ့ရှိပါသည်။

ဤကဲ့သို့ လက်နက်ကြီးများဖြင့် TNLA တပ်များရှိရာနေရာများအား ပစ်ထိမ်းစနစ်ကို ထိမ်းထားခဲ့ပြီးကာမှ လိုအပ်သလို ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိပါသည်။ ၄င်းတို့ကျင့်သုံးနေသည့် စနစ်များမှာစခန်းချင်းမျက်နှာ ချင်းဆိုင်ထားခြင်း၊ ရန်သူ အားတနေရာထဲ၌ လုံးလုံးခဲခဲ ရှိနေစေရန် လက်နက်ကြီးဖြင့် ပစ်ထိမ်းပြီး စုစည်းနေသော ရန်သူအား အဆံ့မတန်သော အင်အားဖြင့် ချေမှုန်းသွားရေးစနစ်ကို ကျင့်သုံးနေကြောင်း ဆိုပါသည်။

ဤစနစ်ဖြင့် စစ်ဆင်နိုင်ရန် အစိုးရတပ်များသည် အင်အား (၄၀၀၀)ခန့် ရှိနေရာမှ တပ်ရင်း (၃၀)ကျော် (အင်အား ရ၅၀၀) ခန့်အထိ တိုးချဲ့နေရာယူထားသည်ဟု တာဘုန်းကျော်က ဆိုပါသည်။

ဤသို့တိုးလာသော အင်အားဖြင့် တအာင်းတို့ ဒေသ၌ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့များကိုပါ ဆက်လက်တိုက်ခိုက် နေခြင်းဖြစ်ပါသည်။

RCSS စခန်းသည်၊ မူလက မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာ အုပ်စုတွင် အခြေချ ခဲ့ပြီး ယင်းကျေးရွာ အုပ်စု၌ကျေးရွာပေါင်း (၁၉) ရွာခန့် ရှိပါသည်။ ဤနေရာမှ ပြီးခဲ့သည့် မေလဆန်းတွင် အစိုးရ၏ တိုက်ခိုက်မှုကြောင့်  TNLA တို့ဒေသဖက် သို့ပြောင်းရွှေ့ လှုပ်ရှားခဲ့ရပါသည်။

အစိုးရသည် တအာင်းဒေသ၌ စုပုံရောက်ရှိနေသော TNLA ၊ SSPP ၊ KIA နှင့် RCSS တပ်များတိုက်ခိုက်နိုင်ရန် အင် အားတိုးထားခြင်းဖြစ်ပြီး နေ့စဉ်နှင့်အမျှတိုက်ခိုက်နေခြင်း ဖြစ်ကြောင်းဆိုပါသည်။ ဤသို့ကြောင့် အပစ်အခတ်ရပ်စဲ ထားသော်လည်း KIA ၊ SSPP နှင့် RCSS တပ်ဖွဲ့များလည်း မကြာခဏ တိုက်ပွဲဖြစ်နေခြင်းပင် ဖြစ်ပါသည်။

Most read this week