မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာခြင်းကြောင့် ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေသူတို့၏ ငွေကြေးများကို မှီခိုနေကြရသည့် ပြည်သူတို့အတွက် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင် ကြံုတွေ့နေကြရသည်။
“ခါတိုင်းနှစ်ဆိုရင် တစ်ခါပို့ရင် ရာနဲ့ချီပြီး ပို့ကျတယ် ဒါပေမယ့် ဒီနှစ်တော့ စားစရိတ်လောက်ပဲ ပို့နိုင်တယ်၊ လတိုင်း ပုံမှန်ပို့နေတဲ့လူတောင်မှ ၃၊ ၄ လမှ တစ်ခါပို့ပေးနိုင်တယ်၊ သူတို့လည်း တစ်နေ့လုပ်ရတာကို သူတို့စားဝတ်နေရေးအတွက် ရှိသေးတယ်ဆိုတော့ အိမ်ကို မပို့နိုင်ကြဘူး” ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် သားသမီးထံမှ လတိုင်း ငွေလက်ခံရရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
၄င်းအမျိုးသမီး ဆက်ပြောတာကတော့ “ဒီလိုဖြစ်ရဟာ ရာဘာစျေးမကောင်းတာက အဓိကပေါ့ ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းမှာဆိုရင် ထိုင်းဘတ်ငွေကလည်း ကျလာတယ်ဆိုတော့ ပိုပြီးတော့ ဒုက္ခဖြစ်ရတာပေါ့၊ သူတို့က ငွေပို့ဖို့ မပြောနဲ့ သူတို့စားဖို့အတွက်တောင် အနိုင်နိုင်ဖြစ်နေတယ်၊ ကျမတို့လို ထိုင်းမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေဆီက ပို့တဲ့ ပိုက်ဆံနဲ့ သုံးနေရတယ်ဆိုတော့ အခက်ခဲတော့ ဖြစ်တာပေါ့၊ ခါတိုင်းလိုတော့ မသုံးနိုင်ဘူးပေါ့ ချွေချွေတာတာနဲ့ပဲ သုံးနေရတာပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှ ပို့နေသည့် ငွေပမာဏ နည်းလာသည့်အတွက် အရင်ကလို အသုံးအဖြုန်းမရှိတော့ပေ၊ ပို့တော့ ပို့ပေမယ့် အရင်တုန်းကလိုတော့ မဟုတ်တော့ပေ ရာဘာခြံတို့၊ အိမ်ခြံတို့လိုမျိုးဆိုရင်တော့ ထမင်းငတ်သည့် အခြေနေထိတော့ မရောက်သေးပေမယ့် ခါတိုင်းလိုမျိုး တစ်ထောင်သုံးရင် ငါးရာလျှော့သုံးရတဲ့ အခြေနေတော့ ရောက်နေတယ်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။
၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး မြင့်လာခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကျသည့် ပြည်သူများက မိမိရပ်မြေဒေသသို့ ငွေလွှဲပို့ပေးမှုသည် ထက်ဝက်နီးပါး နည်းပါးလာသည်ဟု နယ်စပ်ဒေသရှိ ငွေလွှဲသူများ အသိုင်းဝိုင်းမှ သိရသည်။
“ဒီနေ့မှာ ထိုင်းဘတ်ငွေက ၂၇ ဘတ်နဲ့ ပြား ၅၀ ရှိနေတယ်၊ ယမန်နှစ်က ဒီအချိန်ဆိုရင် ၃ရ ဘတ်လောက်ရှိတယ်၊ ဒီနှစ်ဆန်းပိုင်းက တစ်လပြည့်လို့ စာရင်းချုပ်တဲ့အခါမှာ မနှစ်ကလောက် တဝက်နီးပါး ကျသွားတယ်၊ မနှစ်ကဆိုရင် သိန်းငါးရာကျော်ပေါ့ တစ်လမှာ ဒီနှစ်အတွင်းကတော့ သိန်းနှစ်ရာကျော်ကျော် သုံးရာနီးပါးလောက်ပဲရှိတယ်၊ ဒီငွေလွှဲအလုပ်ကို လုပ်သူအားလုံးက ဒီလိုပဲ ဖြစ်နေကြတယ်”ဟု သူက ဆက်ပြောသည်။
မွန်ပြည်နယ်သည် ရာဘာကို အဓိကထား စိုက်ပျိုးလုပ်ကိုင်နေကြပြီး ၄င်းကို စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည်။ ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်လည်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် ပြည်သူအများအပြားရှိသည်။ ထိုင်းနိုင်ငံမှ ပို့ပေးသည့် ငွေကြေးများကို မှီခိုနေကြရသည့် မိသားစုများလည်းရှိသည်။
မြန်မာငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းနှင့် ရာဘာစျေးကျဆင်းလာခြင်းကြောင့့် ပြည်ပနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများကလည်း ခါတိုင်းနှစ်က တစ်နှစ်အတွင်း သိန်း နှစ်ရာလောက် အိမ်သို့ ပို့ပေးနိုင်ခဲ့သော်လည်း ဒီနှစ်အတွင်းတွင် သိန်းတစ်ရာကျော်မျှသာ ပို့ပေးနိုင်ကြသည်။
“မြန်မာငွေ တက်သွားပြီးတဲ့နောက်မှာ ငွေပို့တဲ့လူတွေ ၆၀ ရာခိုင်နှုန်းလောက်က လျော့သွားတယ်၊ ထိုင်းမှာ အလုပ်လုပ်တဲ့လူတွေ ရွာကို ပိုက်ဆံမပို့နိုင်တော့ ရွာမှာရှိနေတဲ့လူက အခက်အခဲတွေ့တာပေါ့၊ တချို့ဆိုရင် ထိုင်းကိုဝင်တုန်းက သူများဆီက အကြွေးနဲ့ လာတာလဲရှိတယ်၊ တချို့ဆိုရင်လည်း သားသမီးတွေကို မိဘစီမှာ အပ်ထားတာလဲရှိတယ်၊ သူတို့အတွက်ဆိုုရင် ပိုပြီး အခက်အခဲဖြစ်တာပေါ့နော် ငွေမပို့လို့လဲမရဘူး ခလေးလဲရှိ နောက်ပြီး မိဘကလည်း အိုနေပြီ” ဟု မော်လမြိုင် ငွေလွှဲနေသူတစ်ဦးက ပြောသည်။
ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေသူများထံမှ ငွေပို့ပေးမှု နည်းပါးလာခြင်းနှင့် ရာဘာစျေး ကျဆင်းလာခြင်းကြောင့် မုဒုံမြို့အတွင်းရှိ ရာဘာခြံစျေးနှုန်းသည်လည်း ထက်ဝက်နီးပါး ကျဆင်းလာသည်။ ရာဘာခြံစျေး ကျလာသော်လည်း ဝယ်သူမရှိပေ။ အရင်က သိန်းနှစ်ရာတန်သည့် ရာဘာခြံတစ်ခြံသည် သိန်းခုနှစ်ဆယ်ပင် ဝယ်သူမရှိ ဖြစ်နေသည်။
ဘီလူးကျွန်းမှ မိခင်တစ်ဦးကလည်း “ကျမသားက မလေးရှားမှာ အလုပ်လုပ်နေတယ်၊ ဟိုတုန်းကဆိုရင် ပုံမှန်ပဲပို့တယ်၊ အခုတလော ပုံမှန်တော့ မဟုတ်တော့ဘူး၊ ဖုန်းအကြိမ်ကြိမ်ခေါ်မှ တစ်ခါပို့ပေးတယ် ပို့ပြန်တော့လည်း တစ်သိန်း၊ နှစ်သိန်း အဲဒီလောက်ပဲ ပို့နိုင်တယ်၊ ကျမကတော့ အခက်အခဲဖြစ်တာပေါ့၊ သူတို့သွားတုန်းကလည်း သူများစီက ငွေချေးထားတယ်၊ အဲဒါကို ပြန်ဆပ်ဖို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး အတိုးနဲ့ဆိုတော့ တစ်နေ့ထက်တစ်နေ့ တိုးလာနေတယ်” ဟု မလေးရှားတွင် အလုပ်လုပ်နေသော သားဖြစ်သူ၏ မိခင်က ပြောပြသည်။
ရေးမြို့ဒေသခံတစ်ဦးကလည်း “မြန်မာငွေ တန်ဖိုးမြင့်လာတဲ့နောက်ပိုင်းမှာတော့ ထိုင်းမှာ အလုပ်လုပ်နေသူတွေက ငွေသိပ်မပို့ကျဘူး၊ တစ်ချို့ဆိုရင် အိမ်မှာ သုံုးဖို့အတွက် နည်းနည်းပဲ ပို့နိုင်တယ်၊ တချို့ငွေနည်းနည်းပါးပါးရှိတဲ့ လူတွေကကျတော့လည်း မြန်မာငွေ တန်ဖိုးကျတဲ့အချိန် ထိုင်းငွေ တန်ဖိုးမြင့်လာတာကို စောင့်နေကျတယ် ” ဟု သူက ပြောသည်။