တောပြုန်းမှုကြောင့် ဆင်ရိုင်းများ တိုက်ကြီးတွင် သောင်းကျန်းနေ

တောပြုန်းမှုကြောင့် ဆင်ရိုင်းများ တိုက်ကြီးတွင် သောင်းကျန်းနေ
by -
မဇ္ဈိမ

သစ်ထုတ်လုပ်မှုများကြောင့် သစ်တောများပြုန်းတီးနေသဖြင့် စားစရာ၊ နေစရာ ရှားပါးလာသော ဆင်ရိုင်းများက တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောင်းကျန်းနေပြီး လူနေအိမ်များနှင့် လယ်ယာများကို ဖျက်ဆီးသလိုဒေသခံများကိုလည်း အန္တရာယ်ပြုကြောင်း ဒေသခံများက ပြောသည်။

“အကောင်များရင် နေ့ဘက်လာတယ်။ နည်းရင် ညဘက်လာတယ်။ အကောင်ရေ ၁၀ ကောင်၊ ၁၅ ကောင်လောက်ဆိုရင် နေ့ဘက်ကိုလာတယ်။ အုပ်စုတောင့်ရင် မကြောက်တဲ့သဘောပေါ့” ဟု ကျောက်ပြင်သာ ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

ဆင်ကောင်ရေ အနည်းဆုံးလေးကောင်မှ အများဆုံး အကောင် ၂၀ အထိပင် ကျေးရွာများသို့လာရောက်ဖျက် ဆီး လေ့ရှိပြီး ယခင်က ညအချိန်သာဝင်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ နေ့ဘက်များတွင်ပါ ရွာတွင်းသို့ ဝင်လာကြကြောင်း ဒေသခံတို့က ဆိုသည်။

ဆင်များအများဆုံးဝင်သည်မှာ တိုက်ကြီးမြို့နယ်အတွင်းရှိ ချောင်းစောက်ကျေးရွာ အုပ်စုမှ ရွာများတွင်ဖြစ်သည် ဟုလည်းဒေသခံများထံမှ စုံစမ်းရရှိသည်။

ဆင်ရိုင်းများ၏ တိုက်ခိုက်မှုကြောင့် ယခုနှစ်အတွင်းတွင် ဒေသခံ ၂၀ ဦးခန့် ဒဏ်ရာများရရှိခဲ့သည်ဟုလည်း သူတို့ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းကဆိုလျှင် တောင်ယာထဲသို့ ဝင်လာသည့် ဆင်ရိုင်းများကိုခြောက်လှန့်မောင်း နှင် သည့်တောင်သူသုံးဦးသည် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ဖူးသည်ဟု ဒေသခံတို့ကဆိုသည်။

လက်ရှိတွင် ဆင်များ၏တိုက်ခိုက်မှုကို အများဆုံးခံနေရသည်မှာ ချောင်းစောက်ကျေးရွာအုပ်စုအတွင်းမှ ရွာငါးရွာဖြစ်ပြီး ထိုရွာများသည် တောနှင့် မိုင် ၃၀ ခန့် ကွာဝေးသည်ဟု စုံစမ်းရရှိသည်။

ဒေသခံတို့က ဆင်များ၏ရန်ကို ကာကွယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံရာ တစ်ညသာ ကင်းစောင့်သည့် သူများကိုလွှတ်ပေးခဲ့ပြီး နောက်နေ့တွင်ပြန်သွားကြသဖြင့် ဒေသခံများက မိမိတို့ဘာသာ မီးများဖိုခြင်း၊ သံချောင်းများခေါက်ခြင်းတို့ဖြင့် ခြောက်လှန့်ကာ အဆင်ပြေသလို ကာကွယ်နေရသဖြင့် စိုးရိမ်ကြောင်း ဒေသခံတို့က ဆိုသည်။

သုံးလတာကာလအတွင်း ရွာငါးရွာမှ စပါးဧက ၂၀ သည်လည်း ဆင်များ၏ ဖျက်ဆီးမှုကိုခံခဲ့ရပြီဖြစ်ကြောင်း ချောင်းစောက်ရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးကျော်နိုင်ဝင်းက ပြောသည်။

ယခုကိစ္စများကို “သစ်တောတွေပြုန်း၊ စားကျက်တွေရှားတော့ နေရာတွေပြောင်းရင်း လမ်းမှာတွေ့တာ ဖျက်ဆီးသွားတယ်။ လူကို နင်းတာလည်း နင်းကျင့်ဖြစ်သွားလို့ ထပ်ပြီး နင်းချင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းကိစ္စကို အဆိုပါဒေသမှ မြိုင်ဟေဝန်ဆင်စခန်းမှ သစ်တောအရာရှိတစ်ဦးက “ကျွန်တော်တို့ သစ်တောဘက်နဲ့ သစ်ထုတ်ရေး တွေပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ရင် ကျွန်တော်တို့က သွားရောက်ကြည့်ပေးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဆင်သုတေသနအဖွဲ့ကလည်း ဤနိုင်ငံတွင် သစ်တောများပြုန်းလာပြီး၊ သားရဲတိရစ္ဆာန်များ၏ စားကျက်များလျော့နည်းလာသလို၊ ပစ်ခတ်ဖမ်းဆီးမှုများလည်း ရှိသဖြင့် တောရိုင်းတိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်မှုများရှိသည်ဟု ရှင်းပြသည်။

မြန်မာနိုင်ငံမှ တောဆင်ရိုင်းများသည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစသည့်နိုင်ငံများအထိပင် ရွှေ့ပြောင်းမှုများရှိသည် ဟုပင် ထိုအဖွဲ့ကဆိုသည်။

လက်ရှိတွင် အစိုးရသည် ဆင်ဘေးမဲ့တော လေးခုလုပ်ရန် စီစဉ်နေပြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တစ်ခု၊ ရခိုင်ရိုးမတွင် ဆင်ဘေးမဲ့တောနှစ်ခု၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် တစ်ခု တို့ဖြစ်သည်ဟု ဆင်သုတေသနအဖွဲ့ထံမှစုံစမ်းရရှိသည်။