မွန်အမျိုးသားကျောင်း၏ သော့ခလောက်ကို ချိုးဖျက်ပြီး ကျောင်းတွင်း၌ သောက်စားမူးယစ်ကြသော တပ်သားများနှင့် အရာရှိအရာခံများအား ယခုသီတင်းပတ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုးမှ အရေးယူမည်ဟု ဆိုသော်လည်း ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပေ။
“တိုင်းမှုး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဘယ်တပ်သား တပ်အရာရှိမဆို ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်မယ်ဆိုရင် အရေးယူမယ်လို့ ဆိုထားတာရှိတယ်” ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှုးတစ်ဦးက ပြောသည်။
“ဒါပေမယ့် အရေးမယူတာ များတယ်၊ သေးငယ်တဲ့ ကိစ္စဆို အရေးမယူကြဘူး။ လက်နက်ယူပြီး ထွက်ပြေးတဲ့ကိစ္စလို ကြီးလေးတဲ့ ပြစ်မှုလောက်ပဲ သူတို့အရေးယူတာရှိတယ်။ စစ်သားတွေကလည်း လုပ်ချင်တာလုပ်တယ်။ အထက်က အရာရှိတွေကလည်း အပြောသက်သက်ပဲ” ဟု ၄င်းကဆက်၍ ဆိုသည်။
မွန်ပြည်သစ်ပါတီသည် မွန်နိုင်ငံရေးပါတီ၌ အကြီးဆုံးပါတီတစ်ခုဖြစ်ပြီး ၄င်းတို့လက်အောက်၌ မွန်အမျိုးသားကျောင်း (၂၀၀) ခန့် ဖွင့်လှစ်ထားသည်။
ရေးမြို့နယ်တောင်ပိုင်း တိုးတက်ရွာသစ်၌ ဖွင့်လှစ်ထားသော မွန်အမျိုးသား အလယ်တန်းကျောင်း၌ သောက်စားမူးယစ်ရန်အတွက် ခလရ (၃၁) မှ ဗိုလ်မှုးမြင့်ဆွေ ဦးဆောင်ပြီး ၄င်းကျောင်းမှ သော့ခလောက်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်ဟု မွန်ပြည်သစ်ပါတီမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
၄င်း၏အဆိုအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်၌ သော့ခလောက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သတ္တမတန်းနှင့် အဠမတန်း၌ သောက်စားမူးယစ်ပျော်ရွှင်ရန်အတွက် ကာရာအိုကေစက်ကို သွင်းယူသွားသည်ဟု ဆိုသည်။
၄င်းတို့သောက်စားမူးယစ်သီဆိုရာ၌ ခလရ (၃၁) မှ ဗိုလ်မှုးမြင့်ဆွေ၊ ဗိုလ်ကြီးဟန်ဝင်းကျော်နှင့် ၄င်းတို့လက်အောက်ရှိ တပ်သား (၂၀) ခန့်၊ ခလရ (၆၁) မှ ဗိုလ်ကြီးဇာနည်ဦးနှင့် ဟံဂံကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၂ ဦး၊ တိုးတက်ရွာသစ် အုပ်ချုပ်ရေးအဖွဲ့နှင့် ၄င်းတို့ရင်းနှီးသော ရွာသား ရ ဦးခန့် ပါဝင်ပြီး ညနေ ၆ နာရီကျော်ခန့်မှ နံနက် ၁ နာရီကျော်အချိန်ထိ သောက်စားမူးယစ် အော်ဟစ်သီဆိုကြသည်။
၄င်းတို့သောက်စားမူးယစ်ရာ၌ အရက်ပုလင်း၊ ဘီယာဗူး၊ ဆေးလိပ်တိုများနှင့် ကွမ်းတံတွေးများကို ကျောင်းဆောင်အတွင်း၌ လွှင့်ဖြူး ထွေးအန်ထားကြပြီး နံနက်ကျောင်းတက်ချိန်၌ ကျောင်းသားကျောင်းသူများက ၄င်းအညစ်အကြေးများကို သိမ်းဆည်းရှင်းလင်းပြီးမှ စာသင်ခဲ့ရသည်ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။
“မြန်မာစစ်အစိုးရတွေဟာ ကျနော်တို့ မွန်အမျိုးသားကျောင်းကို ဖျက်ဆီးပစ်ချင်တာရယ်၊ နောက်တော့ ကျနော်တို့ ကျောင်းဆရာ ဆရာမတွေ စိတ်ဓါတ်ကျအောင်ရယ်၊ ဒီအကြောင်းတွေကြောင့် ဒီလိုခြောက်လှန့်လုပ်ဆောင်တာဖြစ်တယ်” ဟု ၄င်းဒေသရှိ ကျောင်းဆရာ ဆရာမများ၏ အစီရင်ခံစာ၌ သုံးသပ်ထားသည်။