မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ်မှ နယ်စပ်မြို့ ဘုရားသုံးဆူထိ ကားလမ်း ဖောက်လုပ်နေသဖြင့် ထိုလမ်းတစ်လျှောက်ရှိခြံမြေများ စျေးနှုန်းနှစ်ဆကျော် ထိုးတက်သွားသည်ဟု ဒေသခံတို့က မဇ္ဈိမ ကို ပြောသည်။
ကားလေးလမ်းမှ သက္ကော့ကျေးရွာတွင် နေထိုင်သူ ကိုခင်လှိုင်က “လမ်းဖောက်မယ်ဆိုတာနဲ့ မြေစျေးတွေက တအားတက်သွားတယ်။ ပေ ၄၀ x ၆၀ ဆိုရင် အရင်က ၁၅ သိန်းလောက်ပဲရှိတယ်။ အခုဆို သိန်း ၄၀ လောက် ပေးရတယ်။ အဲဒီမြေတွေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် ခုနစ်သိန်းလောက်ပဲရှိတာ” ဟု ရှင်းပြသည်။
ယခင်က ထိုနေရာဒေသတစ်ဝိုက်ရှိ အိမ်ခြံမြေ၊ ရော်ဘာခြံမြေများသည် စျေးနည်းသည့်အပြင် ၀ယ်လိုသူပင် နည်းပါးကြောင်း ယခုဆိုလျှင် အလုအယက် ၀ယ်ယူနေကြကြောင်း သက္ကော့ကျေးရွာမှ ဦးဟိန်းကလည်း ဆိုသည်။
လက်ရှိတွင် ကားလမ်း ဘေးဝဲယာတွင်ရှိသော ရော်ဘာခြံများဆိုလျှင် သိန်းထောင်နှင့်ချီ၍ စျေးခေါ်မှုများပင် ရှိနေကြောင်း ကိုခင်လှိုင်က ပြောသည်။
ဦးဟိန်းကလည်း “ဒီကားလမ်း ဖောက်တော့မယ်ဆိုတာနဲ့ မြေစျေးတွေက တက်၊ ၀ယ်သူတွေကလည်း အလုအယက်ဖြစ်နေတော့ စျေးကို လိုချင်သလောက် ခေါ်နေကြတာ”ဟု အခြေအနေကို ပြောပြသည်။
၆၅ မိုင်ခန့်ရှည်သည့် အဆိုပါကားလမ်းသည် နာမည်ကျော် သေမင်းတမန်ရထားလမ်းနှင့် အပြိုင်ကားလမ်းဖြစ်ပြီး ထိုင်းနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူအထိ မွန်ပြည်နယ်မှ ကားလမ်းပေါက်သွားမည် ဖြစ်သည်။
ထိုနည်းတူ ဘုရားသုံးဆူမြို့ဘက်တွင်လည်း ကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်မည်ဆိုသည့် သတင်းကြောင့် အိမ်ခြံမြေစျေးနှုန်းများ ယခင်နှစ်ဆ မြင့်တက်သွားကြောင်း ထိုမြို့မှ ဒေသခံတို့က ပြောသည်။
ယင်းကားလမ်းကို ယခု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြေသားလမ်း အပြီးသတ် ဖောက်မည်ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်တွင် ကတ္တရာခင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဌာနက အတည်ပြုသည်။
အဆိုပါကားလမ်းကို အစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဖောက်လုပ်ရေး စီမံကိန်းအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီ ခုနစ်ခုတို့ ပူးပေါင်းဖောက်လုပ်မည်ဟုလည်း မွန်ပြည်နယ် ဆောက်လုပ်ရေးဌာနက ဆို သည်။