ယင်းဂါရဝပြုပွဲကို ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက် ခန်းမတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့သည်ဟု တက်ရောက် ခဲ့သူ မင်းမင်းဌေးက ဆိုပါသည်။
“ လူပေါင်း (၅၀၀) လောက် ရှိမယ်။ အသက် (၈၀) ကျော် တိုင်းရင်းသား ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ပွဲပါ။ အထွေ အထူးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လွတ်လပ်ရေး တလျှောက် နိုင်ငံရေးမှာ ပါ၀င် လာခဲ့တဲ့ တိုင်းရင်းသား ခေါင်း ဆောင်တွေပါဘဲ” ဟု ဆိုပါသည်။
ဂါရဝ ပြုပွဲသို့ NLD နာယက ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒဂုံတာရာ၊ သခင်သိန်းမောင်၊ ရှမ်းတိုင်းရင်းသားမှ သမိုင်း ပညာရှင် ဒေါက်တာ စိုင်းအောင်ထွန်းနှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နာယက ဗိုလ်ချုပ် ဆေထင်၊ ကချင် တိုင်းရင်းသားမှ ဒူးဝါးဂမ်ထားရော် တို့ တက်ရောက် သည်ဟု ဆိုပါသည်။
ထို့အပြင် နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊မန်းပီတာ ဂျာရင်နှင့်မန်းတင်ရွှေ၊ ဦးသာပန်း၊ ဦးခွန်စိန်ရွှေနှင့် ဦးဖြားထိန် အပြင် ခေါင်းဆောင် (၂၀)ကျော်တို့ တက်ရောက်သည်ဟု ကိုမင်းမင်းက ဆိုပါသည်။
ဤဂါရဝပြုပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောရာတွင် "တိုင်းရင်းသား အားလုံးငြိမ်းချမ်း ရေး ရရှိရန် ပင်လုံ စာချုပ် မဟုတ်ဘဲ ပင်လုံ စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း"တင်ပြ သွားခဲ့ပါသည်။