တိုင်းရင်းသား ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရဝပြုပွဲ ဇူလိုင် ၂၂ ရန်ကုန်တွင် ကျင်းပမည်

တိုင်းရင်းသား ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရဝပြုပွဲ ဇူလိုင် ၂၂ ရန်ကုန်တွင် ကျင်းပမည်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အဝှမ်းမှ ပြည်ထောင်စု တိုင်းရင်သား သက်ကြီး ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရဝပြု ကန်တော့ပွဲကို လာမည့် ဇူလိုင်လ ၂၂ ရက််နေ့တွင်  တိုင်းရင်းသားလူငယ်များကွန်ယက်မှ ကြီးမှူးပြီး  ကျင်းက ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းအခမ်းအနားကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း   တိုင်းရင်သား လူငယ်များ ကွန်ယက်မှ  ပြန်ကြားရေးတာဝန်ခံ  ကိုခိုင်ကိုနိုင်က နိရဥ္ဖရာသို့ ပြောသည်။

အသက်အရွယ်ကြီးရင့်သည် အထိ အမျိုးသားတော်လှန်ရေး၊ အမျိုးသားနိုင်ငံရေးကို  တစိုက်မတ်မတ် လုပ်ခဲ့ကြသည့် ပြည်ထောင်စု တိုင်းရင်သား နိုင်ငံရေးခေါင်းဆောင်ကြီးများကို အဓိက ရည်ရွယ်၍ ဂါရဝပြုပွဲ လုပ်မည်ဖြစ်သော်လည်း  တခြား နိုင်ငံရေးစာပေနှင့် သတင်းစာလောကမှ တိုင်းရင်သား သက်ကြီး ၀ါရင့်ပုဂ္ဂိုလ် တချို့ကိုလည်း ဂါရဝပြု ဂုဏ်ပြု ပူဇော်သွားမည်ဟု သူက ဆိုသည်။

“ကျနော်တို့  တိုင်းရင်သားလူငယ်များ ကွန်ယက်ကနေပြီးတော့ တခါမှ စုံစုံညီညီ မတွေ့ဖြစ်သေးတဲ့ တိုင်းရင်သား ဒေသ အသီးသီးက တကယ့်ကို ၀ါရင့် သမ္မာရင့် ပြည်ထောင်စု ဘွားတိုင်းရင်သား သက်ကြီး၊ ၀ါရင့် နိုင်ငံရေးခေါင်းဆောင်ကြီးများကို တစ်နေရာတည်း တစ်ချိန်တည်းမှာ စုစုစည်းစည်းနဲ့ ဆုံတွေ့ ပေးချင်တာရယ်၊ ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ အချင်းချင်း တွေ့ကြတဲ့ အခါမှာ ဘယ်လို ပြောဆို ဆွေးနွေးကြမလဲ၊ အမြင်ချင်းဖလှယ် ကြမလဲ။ ဒါတွေကို သိချင်တာရယ်၊ နောက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား လူငယ်များ ကွန်ယက်က လူငယ်တွေက ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်တွေကို တစ်ချိန်တည်းမှာ စုစုစည်းစည်းနဲ့ ဂါရဝပြု ကန်တော့ပြီး သြဝါဒ ခံယူချင်လို့ အခုလိုပွဲမျိုး လုပ်ရတာပါ” ဟု သူကပြောသည်။

ဂါရဝပြုပွဲတွင် သက်ကြီးရွယ်အို နို်င်ငံရေးသမား ၃၀ အား  ဂါရဝပြု ကန်တော့သွားမည် ဖြစ်ပြီး ပါ၀င်သော နိုင်ငံရေး သမား သက်ကြီးရွယ်အိုများကိုလည်း  သူက ယခုလို ဆက်လက် ပြောသည်။

“ တစ်နိုင်ငံလုံး အနေနဲ့ကတော့ စုစုပေါင်း (၃၀)ကျော် ပါ၀င်ပါတယ်။ ရခိုင်ပြည်က ဆိုရင် ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဦးသာဘန်းနှင့်အတူ ထောင်တသစ် တကျွန်းချခံထားရာကနေ လွှတ်လာတဲ့ ဦးခိုင်စော။ မွန်ပြည်နယ်က မွန်ဒီမိုကရေစီ ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ဗမာ တိုင်းရင်းသားတွေ ထဲဲက ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် နာယကတွေ ဖြစ်ကြတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးတင်ဦး တို့လည်း ပါ၀င်ကြပါတယ်။”

အခမ်းအနားကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၉)နာရီမှ (၁၂)နာရီ အထိ ပြုလုပ်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်  ပြုလုပ်မည့် ယခု ဂါရဝပြု ကန်တော့ပွဲသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူငယ်များမှ ဦးဆောင်ပြီး  ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week